ပါကစ္စတန်က နိုင်ငံပိုင်လေကြောင်းလိုင်း၏ အစုရှယ်ယာအများစုကို ကာတာထံ ရောင်းချမည်

ပါကစ္စတန်က နိုင်ငံပိုင်လေကြောင်းလိုင်း၏ အစုရှယ်ယာအများစုကို ကာတာထံ ရောင်းချမည်

ပါကစ္စတန်အစိုးရသည် နိုင်ငံပိုင် ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း (PIA) နှင့် PIA  ပိုင်ဆိုင်သည့် နယူးယော့ခ်၊ ရုစဗဲ့တ်ဟိုတယ်တို့၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ကာတာထံ ကမ်းလှမ်းရောင်းချသွားရန် ဆုံးဖြတ်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာသတင်းများက ဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ကာတာနိုင်ငံ ခရီးစဉ် မသွားရောက်မီ ပြုလုပ်သော အစည်းအဝေး တစ်ခု၌ နိုင်ငံ၏ LNG သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံနှစ်ရုံကို ကာတာထံ ရောင်းချမည့် အစီအစဉ် တစ်ရပ်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဓာတ်အားပေးစက်ရုံများ တင်ရှိနေသော ကြွေးမြီပမာဏ ဖြစ်သည့် ရူပီး ၁၀၄ ဘီလီယံဆိုသည့် အကောင်းဆုံးရောင်းဈေးတစ်ရပ်ဖြင့်ကာတာနိုင်ငံထံ ရောင်းချနိုင်မည် မဟုတ်ကြောင်း ဆွေးနွေးမှုအတွင်း ပါဝင်ဆွေးနွေးခဲ့ကြသူများက ထင်မြင်ယူဆခဲ့ကြသည်။

ဓာတ်အားပေးစက်ရုံများအား ကာတာသို့ ရောင်းချမည့် ကိစ္စကို ဘေးဖယ်ထားသော်လည်း နိုင်ငံပိုင် လေကြောင်း လိုင်း၏ အဓိကရှယ်ယာများကို ကာတာထံ ရောင်းချသွားလိမ့်မည် ဖြစ်ကြောင်း ပါကစ္စတန် The Express Tribune သတင်းဌာန၏ သတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ သွားရောက်ရန် စီစဉ်ထားသော ဝန်ကြီးချုပ် ရှာရစ်၏ ကာတာနိုင်ငံ ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်ခဲ့သော အစည်းအဝေးတစ်ခုတွင် အထက်ပါကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကာတာအနေဖြင့် အဆိုပါ ဓာတ်အားပေးစက်ရုံများကို ဝယ်ယူရာတွင် ထိုစက်ရုံများ၌ တင်ရှိနေသော ကြွေးမြီ ပမာဏဖြစ်သည့် ရူပီး ၁၀၄ ဘီလီယံနှုန်းထားအတိုင်း ကမ်းလှမ်းပေးနိုင်ဖွယ် မရှိသလို ထိုဓာတ်အားပေး စက်ရုံ များသည် အနားပေးရန် သို့မဟုတ် ရေရှည် ငွေကြေးထောက်ပံ့မှုအဖြစ် ပြောင်းလဲရန် လိုအပ်သည်ဟု အစည်း အဝေးတွင် တက်ရောက်ခဲ့သူတချို့က ၎င်းတို့၏ အမြင်များကို ပြောခဲ့သည်။ 

ပေးဆပ်ရမည့် ငွေပမာဏအားလုံး ဖယ်လိုက်ပြီးနောက်တွင် အစိုးရအနေဖြင့် အများဆုံး အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ သန်း ၆၀၀ ခန့်ထိ ရကောင်းရနိုင်သည်ဖြစ်သည့်အတွက် အကောင်းဆုံးဈေးဖြင့် ရောင်းချရန် နိုင်ငံရေးအရ ခက်ခဲနေခဲ့ကြောင်း ၎င်းတို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required