အာဖဂန်အမျိုးသမီးများအပေါ် တာလီဘန်တို့၏ အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်စေရန် တစ်ကမ္ဘာလုံးက အရေးယူရန် လိုအပ်

အာဖဂန်အမျိုးသမီးများအပေါ် တာလီဘန်တို့၏ အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်စေရန် တစ်ကမ္ဘာလုံးက အရေးယူရန် လိုအပ်

အာဖဂန်အမျိုးသမီးများသည် လက်ရှိအချိန်တွင် နို င်ငံတကာ၏ ပစ်ပယ်ထားခြင်းကို ခံနေရသည်ဟု ခံစားနေကြ ရကြောင်းနှင့် ယင်းကဲ့သို့ ခံစားနေရသည်မှာလား အမှန်တကယ်ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဌာနမှ တွဲဖက် ညွှန်ကြားရေးမှူး ဟယ်သာဘားရ်က ဩဂုတ် ၁၆ ရက်တွင် ပြောသည်။

တာလီဘန်တို့သည် အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက ပြန်လည်အာဏာရပြီးနောက် အထူးသဖြင့်  အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ အပါအဝင် အခြေခံ အခွင့်အရေးများအပေါ် ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်သည့် မူဝါဒများကို ချမှတ်ထားခဲ့သည်။

အာဖဂန်နစ္စတန်၌ တာလီဘန်တို့ ယခင်အရပ်သားအစိုးရတစ်ရပ်ကို ဖြုတ်ချပြီး အာဏာရခဲ့သည်မှာ ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ တာလီဘန်တို့သည် အစိုးရဌာနအလုပ်အကိုင်များရှိ ခေါင်းဆောင်ပိုင်း နေရာများကနေ အမျိုးသမီးအားလုံးကို ထုတ်ပယ်ခဲ့သလို ပြည်နယ်အများစုတွင်လည်း မိန်းကလေးများ အလယ်တန်းကျောင်းတက်ခြင်းအပေါ် ပိတ်ပင်တားမြစ်ထားခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များ က ပြောသည်။

ဆွေမျိုးအမျိုးသားအဖော်တစ်ဦး မပါဘဲ အမျိုးသမီးများ ခရီးသွားလာမှုကို တာလီဘန်တို့ ပိတ်ပင်တားမြစ်ထား သလို အမျိုးသမီး ရုပ်သံသတင်းကြေညာသူများ အပါအဝင် အမျိုးသမီးများ လူမြင်ကွင်းရှေ့ မျက်နှာဖုံးကာ ထားရန်လည်း တာလီဘန်တို့က ညွှန်ကြားထားသည်။

တာလီဘန်တို့သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်က အာဏာပြန်ရပြီးနောက် ချက်ချင်းပင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို ပြန်လည် ရုပ်သိမ်းမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း ဟယ်သာဘားရ်က ပြောသည်။

“အာဖဂန်နစ္စတန်မှာ မိန်းကလေးတွေရဲ့ အလယ်တန်း ကျောင်းပညာသင်ကြားမှုအပေါ် တာလီဘန်တို့ ပိတ်ပင်ချက် ချမှတ်ထားတာက ခုဆိုရင် ရက်ပေါင်း ၃၂၇ ရက် ရှိသွားပါပြီ။ ဒါဟာဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ မိန်းကလေးတွေ ပညာသင်ခွင့် ငြင်းဆန်ခံရတဲ့ ၃၂၇ ရက် ဖြစ်ပါတယ်။ အဲဒီ ၃၂၇ ရက်ဆိုတာက သူတို့ ဘယ်တော့မှ ပြန်ရမှာ မဟုတ်တော့ပါဘူး” ဟု သူမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required