နှစ် ၁၀၀ အတွင်း အပြင်းထန်ဆုံးပူပြင်းမှုကြောင့် ငါးလုပ်ငန်း ကျပ်သိန်းထောင်ချီ ဆုံးရှုံးနိုင်

နှစ် ၁၀၀ အတွင်း အပြင်းထန်ဆုံးပူပြင်းမှုကြောင့် ငါးလုပ်ငန်း ကျပ်သိန်းထောင်ချီ ဆုံးရှုံးနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။            ။ မြန်မာနိုင်ငံတွင် နှစ် ၁၀၀ အတွင်းပြင်းထန်ဆုံးသော ပူပြင်းခြောက်သွေ့မှုကြောင့် ရေတွင်း၊ ရေကန်များ ခမ်းခြောက်ပြီးတစ်ညတည်းမှာပင် ငါးလုပ်ငန်း ကျပ်သိန်းထောင်ချီ ဆုံးရှုံးနိုင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အသိပေးနှိုးဆော်စာတစ်စောင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နှစ် ၁၀၀ ခန့်အတွင်း ယခုနှစ်သည် အယ်နီညိုရာသီဥတု အပြင်းထန်ဆုံး ဖြစ်စဉ်ကို ရင်ဆိုင်ကြုံတွေ့နေရပြီး  ပြင်းထန်သော ပူပြင်းခြောက်သွေ့သည့် အခြေအနေကို ရင်ဆိုင်ကြုံတွေ့နိုင် ရဖွယ်ရှိသည်ဟု ငါးလုပ်ငန်းဆိုင်ရာအကြံပေးကော်မတီဝင် မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်၏ သတိပေးပြောကြား ချက်အရထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငါးပုစွန်မွေးမြူရေးကန်များ၊ ရေလှောင်ကန်များတွင် သန့်စင် သောရေများကို တတ်နိုင် သမျှ ဖြည့်တင်းသိုလှောင်ထားကြရန်၊ရေအငွေ့ပျံနှုန်း နည်းပါးသက်သာစေရန် အရိပ်ရအပင်ငယ်များ(ဥပမာ-ဗေဒါပင် ၊ ကန်စွန်းပင် စသည်) တို့ကို ငါးပုစွန်ကန်များအတွင်း အကန့်အသတ်ဖြင့် စိုက်ပျိုးမွေးမြူထားကြရန်၊ ငါးပုစွန်ကန်များအတွင်း အောက်စီဂျင်ပျော်ဝင်မှုကို လေ့လာစောင့် ကြည့်ပြီး အောက်စီဂျင် ပျော်ဝင်မှု နည်းပါးပါက ရေအသစ်လဲလှယ်ပေးခြင်း၊ ရေဒလက်များ မောင်းနှင်ပေးခြင်း စသည် တို့ိုကို ဆောင်ရွက်ရန်စသည်ဖြင့်အချက် ၈ချက်ပါသည့် သတိပေးစာ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာမြင့်ဆွေက ''လွန်ခဲ့တဲ့ ၄ နှစ်က တစ်ကြိမ်ဖြစ်ဖူးတယ်၊ အပူချိန်လွန်ကဲလို့ အမိုးနီးယားကြောင့် ကန်လုံးကျွတ်သေတာ တစ်ညထဲ သိန်းထောင်ချီဆုံးရှုံးကြတယ်။ ဝုန်းဒိုင်းဆို တစ်ကန်လုံးသေကုန်တာ။ ကန်သမားတွေ ဆုံးရှုံးမှုကြီးမား ခဲ့တယ်။ ဆောင်းတွင်းမှာဖြစ်တဲ့ ဘက်တီးရီးယားတို့ ကပ်ပါးတို့ ကျတော့နဲနဲချင်းသေတာ၊ အမိုးနီးယား က တစ်ညတွင်းအကုန်သေတာ။ အပူချိန်မြင့်မားလာရင်ကန်တွေမှာ ရေထုညစ်ညမ်းပြီး အမိုးနီးယား တို့၊ ဟိုက်ဒရိုဂျင်ဆာလ်ဖိတ်တို့ အဆိပ်ထုတ်ဓါတ်တွေများလာတယ်။ ငါးတွေကျန်းမာရေး ထိခိုက်ပြီး အသေအပျောက်ဖြစ်လာမယ်၊ ဂရုစိုက်ကြပါ။'' ဟု အကြံပြုပြောကြားသည်။

အလှမွေးငါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကိုစိုင်းကလည်း ယခုကဲ့သို့ သီဥတုအပူချိန်မြင့်မား သောကြောင့် အလှမွေးငါးလုပ်ငန်းရှင်များလဲ အခက်အခဲများကြုံတွေ့ပြီး ထိခိုက်မှုရှိသည်ဟုဆိုသည်။

''အရမ်းပူတော့ ရွှေငါး အစာတီကောင်လေးတွေသေတယ်၊ ငါးပေါက်လေးတွေစားတဲ့ အပင်လေး တွေသေတယ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သတိပေးပေမယ့်လဲ တစ်ခုခုဖြစ်ရင် ကိုယ့်ဟာကိုဘဲ တာဝန်ယူရတာပါ။ ဒီမှာက သုတေသန၊ နည်းပညာအားနည်းတယ်၊ အင်တာနက်ကရှာကြည့်ရတယ်၊ အလှမွေးငါးလုပ်ငန်းရှင်တွေဆုံရင် ကိုယ်သိတဲ့အတွေ့အကြုံ ဗဟုသုတတွေ ဖလှယ်ကြတာ လောက် ဘဲရှိတယ်။''ဟုပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍတွင် ငါးပုစွန်မွေးမြူရေးကန် ဧရိယာ ဧက ၄၅၅၀၀၀ကျော်ဖြင့် ငါးပုစွန် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းစားသုံးရန်နှင့် ပိုလျှံသည် များကို ပြည်ပသို့ တင်ပို့ရောင်းချလျှက်ရှိသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly