နီပေါ၌ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ဆန့်ကျင်သော ဆန္ဒပြမှု ဖြစ်ပွား

နီပေါ၌ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ဆန့်ကျင်သော ဆန္ဒပြမှု ဖြစ်ပွား

နီပေါအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Rashtriya Ekta Abhiyanသည် တရုတ်၏ ခါးပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI) သဘောတူညီချက်အပေါ် ရုပ်သိမ်းပေးရန်နှင့် မွတ်စလင်ကော်မရှင်ကို ဖျက်သိမ်းပေးရန် တောင်းဆိုသော ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟု Khabarhubသတင်းဌာနက ဖော်ပြသည်။

စုဝေးဆန္ဒပြမှုတွင် ခတ္တမန္ဒူရှိ မိုင်တီကာရပ်ကွက်မှ နာယာဘန်နက်ရှ်ဝါရပ်ကွက်အထိ လူပေါင်း ရာနှင့်ချီ ပါဝင်ခဲ့ကြသည်။

အရပ်ဖက်လူ့အဖွဲ့အစည်း၏ လူငယ်ရေးရာအဖွဲ့က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်မှုကို တိုက်ဖျက်နေသလို မွတ်စလင်ကော်မရှင်ကလည်း ဂျီဟက်အယူဝါဒကို အားပေးအားမြှောက်ပြုနေကြောင်း စွပ်စွဲထားသည်။
 ဂျီဟက်ကို အားပေးမြှင့်တင်သော မွတ်စလင်ကော်မရှင်ကို ဖျက်သိမ်းရန်၊ အမျိုးသားရေးစိတ်ဓာတ်ကို ဆန့်ကျင်သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ဖျက်သိမ်းပေးရန်၊ တရုတ်၏နယ်ပယ်ချဲ့ထွင် မှုများရပ်တန့်ရန်နှင့်နီပေါကို ဟိန္ဒူနိုင်ငံတော်အဖြစ် တည်ထောင်ပေးရန် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

နီပေါဝန်ကြီးချုပ် ပူရှ်ပါကာမယ်ဒါဟယ်၏ ဦးဆောင်မှုဖြင့် နီပေါနှင့်တရုတ်သည် ၂၀၁၇ ခုနှစ် မေလက ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
နှစ်နိုင်ငံသဘောတူညီချက်သည် နိုင်ငံအတွက် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုများ အလျင်အမြန်လုပ်ဆောင်ည်ဟု ယုံကြည်ခဲ့ကြသော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်သော စီမံကိန်း မရှိခဲ့ပေ။
 ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို လက်မှတ်ရေးထိုးပြီး ၅ နှစ်ကြာလာသည့်တိုင် စီမံကိန်းတစ်ခုမျှ အပြီးမသတ်နိုင်ဘဲ ရှိနေသည်။

တရုတ်သည် ထပ်မံနယ်ချဲ့ထွင်ရေးအတွက် နီပေါ၏ပိုင်နက်ကို အမြတ်ထုတ်ရန် ရည်ရွယ်နေကြောင်း လေ့လာသူများက ပြောကြသည်။၂၀၁၉ ခုနှစ်အစောပိုင်းက နီပေါသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအောက်၌ စီမံကိန်း ၉ ခုတည်ဆောက်ရန် အဆိုပြုခဲ့သည်။ 

၎င်းတို့တွင် ဟိမဝန္တာဖြတ်ကျော် မီးရထားဆက်သွယ်မှု ဖြစ်နိုင်ခြေလေ့လာရေး၊ 400-KV လျှပ်စစ်ဓာတ်အားလိုင်း တိုးချဲ့မှု၊ နီပေါတွင် နည်းပညာတက္ကသိုလ်တစ်ခု တည်ထောင်ခြင်းနှင့် လမ်းသစ်များ၊ ဥမင်လိုဏ်ခေါင်းများနှင့် ရေအားလျှပ်စစ် ဆည်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly