တောင်ကိုရီးယားနှင့် နယ်စပ်အနီး မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်

တောင်ကိုရီးယားနှင့် နယ်စပ်အနီး မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၀ ။              ။ မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့မှုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ဖေဖော်ဝါရီ ၂၀ က နယ်စပ်ကျွန်းတစ်ခုအနီး ဖြစ်နိုင်ဖွယ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် မြောက်ကိုရီးယားက အမြောက်ဖြင့် အနည်းငယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု တောင်ကိုရီးယား စစ်ဘက်ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

လာမည့်လတွင် အမေရိကန်နှင့် ပူးတွဲပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုကို အကြီးမားဆုံးပြုလုပ်မည်ဟု တောင်ကိုရီးယားက ပြောကြားပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယား၏ အမြောက်ပစ်ခတ် မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုနီးကပ်လာချိန်တွင် နယ်စပ်ဖြတ်ကျော် တင်းမာမှု သိသိသာသာ မြင့်တက်လေ့ရှိသည်။ နှစ်နိုင်ငံအငြင်းပွား ပင်လယ်နယ်စပ်အနီး မြောက်ကိုရီးယား၏ တောင်ဘက် ကမ်းရိုးတန်းပေါ် ဂျန်ဆန်ဂေါ့အငူရှိ အမြောက်တပ်မှ ဒေသစံတော်ချိန် နံနက် ၇နာရီ ၂၀တွင် မြောက်ကိုရီးယားစစ်တပ်က အမြောက်ဖြင့် ပစ်ခတ်မှုအချို့ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ပင်လယ်နယ်စပ်၏ မြောက်ဘက်တွင် မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုပြုလုပ်သည်ဟု ယုံကြည်ရကြောင်း ဖော်ပြထားသည်။ တောင်ကိုရီးယားသည် ကြိုတင်သတိပေးမှုပြုလုပ်သည့်အနေဖြင့် ဘာအင်ညေယောင်ဒိုကျွန်းပေါ်ရှိ ဒေသခံများ အနီးရှိ ဆိပ်ကမ်းများသို့ ပြန်လာရေး ပြင်ဆင်မှုများလုပ်ရန် တိုက်တွန်းထားသည်။

လက်ရှိအချိန်တွင် မြောက်ကိုရီးယားစစ်တပ်သည် နောက်ထပ်ရန်စမည့် လက္ခဏာများပြသခြင်းမရှိသေးဟုလည်း ဖော်ပြထားသည်။ ၂၀၁၀ပြည့်နှစ်က မြောက်ကိုရီးယားသည် ယင်းကျွန်းအနီး ယုံပြောင်ကျွန်းကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ရာ လူလေးဦးသေဆုံးခဲ့သည်။ ယင်းသို့ပစ်ခတ်မှုမှာ အငြင်းပွားပင်လယ်နယ်စပ်အနီး တောင်ကိုရီးယားက ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုကို တုံပြန်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly