အာဖဂန်ကို ထိန်းချုပ်ပြီးနောက် တာလီဘန်တို့ လူ့အခွင့်အရေးဆိုင်ရာ ကတိများကို ချိုးဖောက်ခဲ့

By Latestly
22 August 2022
အာဖဂန်ကို ထိန်းချုပ်ပြီးနောက် တာလီဘန်တို့ လူ့အခွင့်အရေးဆိုင်ရာ ကတိများကို ချိုးဖောက်ခဲ့

တာလီဘန်တို့သည် ပြီးခဲ့သည့် တစ်နှစ်အကြာက အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ခဲ့ပြီးနောက် လူ့အခွင့်အရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားလိုက်နာရမည့် ကတိကဝတ် အများအပြားကို ချိုးဖောက်ထားခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဩဂုတ် ၁၁ ရက်တွင် ပြောသည်။

ကဘူးလ်မြို့ကို ယမန်နှစ် ဩဂုတ်လက သိမ်းပိုက်ပြီးနောက် အစ္စလမ္မစ် တာလီဘန်အာဏာပိုင်တို့သည် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများအပေါ် ကြီးလေးသည့် ကန့်သတ်ပိတ်ပင်ချက်များ ချမှတ်ခြင်း၊ သတင်းမီဒီယာအပေါ် ဖိနှိပ်ခြင်း၊ ၎င်းတို့အပေါ် ဝေဖန်သူများနှင့်  အတိုက်အခံများအဖြစ် သတ်မှတ်ထားသူများကို အတင်းအဓမ္မ ဖမ်းဆီး၊ နှိပ်စက်၊ အချိန်မဆိုင်းဘဲ ကွပ်မျက်ခြင်းတို့ အပါအဝင် ချိုးဖောက်မှုများကို လုပ်ဆောင်ထားခဲ့သည်။

တာလီဘန်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြစ်တင်ရှုတ်ချသံများ ပျံ့နှံ့ထွက်ပေါ်စေခဲ့သလို အာဖဂန်နစ္စတန်၏ သေရေးရှင်ရေးတမျှ ဖြစ်နေသည့် လူသားချင်းစာနာမှု အခြေအနေကို ကိုင်တွယ်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ထိခိုက်စေခဲ့ကြောင်း နယူးယော့ခ် အခြေစိုက် HRW အဖွဲ့က အစီရင်ခံစာတစ်ရပ်တွင် ပြောသည်။

ပြည်ပအစိုးရများက နိုင်ငံခြားအကူအညီပေးမှုကို ဖြတ်တောက်ခဲ့ပြီး နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကိစ္စများကို ပိတ်ပင်ကန့်သတ်ခဲ့သည့်အတွက် အာဖဂန်၏ စီးပွားရေး ပြိုလဲထားခဲ့သည်။ အာဖဂန်ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် သည် တစ်နှစ်နီးပါးကြာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံခဲ့ရသည်ဖြစ်ရာ သန်းနှင့်ချီသော ကလေးများ အာဟာရ ချို့တဲ့မှုကို အပြင်းအထန် ခံစားခဲ့ရသလို ကြီးလေးသော ရေရှည်ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်စေရန်လည်း ခြိမ်းခြောက်လျက် ရှိသည်။

“အာဖဂန်ပြည်သူတွေဟာ လူ့အခွင့်အရေးဆိုင်ရာ မနှစ်မြို့စရာ အခြေအနေတစ်ခုအောက်မှာ နေထိုင်ကြရသလို တာလီဘန်တို့ရဲ့ ရက်စက်မှုကိုရော၊ နိုင်ငံတကာရဲ့ လျစ်လျူရှုမှုကိုပါ ခံစားနေကြရပါတယ်” ဟု HRW ၏ အာဖဂန်နစ္စတန် သုတေသီ ဖာရက်ရှ်တာ အက်ဘာစီက ပြောသည်။

“နိုင်ငံခြားအစိုးရတွေအနေနဲ့ တာလီဘန်တွေရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်လို့ အားသွန်ခွန်စိုက် ဖိအားပေးတာတွေ လုပ်ဆောင်ရင်း တစ်ပြိုင်နက်တည်းမှာ တာလီဘန်အာဏာပိုင်တွေနဲ့ ပိုမို တက်တက်ကြွကြွ ထိတွေ့ဆက်ဆံမှုမျိုး မလုပ်ဘူးဆိုရင်တော့ အာဖဂန်နစ္စတန်ရဲ့ အနာဂတ်က စိတ်ဓာတ်ကျစရာ အခြေအနေမျိုး ဆက်ဖြစ်နေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required