တရုတ်က နယ်စပ်ကို တစ်ဖက်သတ်ပိတ်မှုကြောင့် နီပေါစီးပွားရေး ထိခိုက်

တရုတ်က နယ်စပ်ကို တစ်ဖက်သတ်ပိတ်မှုကြောင့် နီပေါစီးပွားရေး ထိခိုက်
Photo: EPA

တရုတ်၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာပြီးနောက်ပိုင်း နယ်စပ်များကို တစ်ဖက်သတ်ပိတ်မှုနှင့် အသွားအလာပိတ်ဆို့မှုများကြောင့် နီပေါနိုင်ငံ၌ ပွဲတော်ရာသီမတိုင်မီတွင် စီးပွားရေးလုပ်ငန်းများ ဆိုးရွားစွာ ထိခိုက်လာခဲ့သည်။

နီပေါကုန်သည်များသည် ၃ နှစ်ဆက်တိုက်အဖြစ် ဒက်ရှိုင်ဈေးဝယ်ရာသီတွင် မရောင်းချရမည့် အခြေအနေကို စိုးရိမ်နေကြသလို ရူပီးဘီလီယံပေါင်းများစွာတန်သော ကုန်စည်များတင်ဆောင်ထားသည့် ထရပ်ကားများသည် နယ်စပ်ဂိတ်များ၌ ပိတ်မိလျက်ရှိကြောင်း The Kathmandu Post၌ ဖော်ပြထားသည်။

နီပေါနိုင်ငံခြားရေးဝန်ကြီး နာရာယန်ခါဒါက တရုတ်သို့ လာရောက်စဉ် ယခုလက တရုတ်သည် တာတိုပါနီနှင့်ရာဆူဝါဂါဒီနယ်စပ်ဂိတ်များကို ပိတ်ထားကြောင်း နီပေါသတင်းစာက ဖော်ပြခဲ့သည်။

တရုတ်သည် နှစ်ဖက်ကုန်သွယ်မှုအတွက် နယ်စပ်ပြန်ဖွင့်ရန် သဘောတူပြီးနောက် သီတင်းပတ်များစွာအကြာ ကိုဗစ်ရောဂါကို ကြောက်သဖြင့် မြောက်ပိုင်းနယ်စပ်ကို ပိတ်ပစ်ခဲ့သည်။ နယ်စပ်ပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ မသေချာမရေရာမှုများအကြား နီပေါကုန်သည်များသည် ပွဲတော်ပြီးချိန်မှ ၎င်းတို့၏ကုန်ပစ္စည်းများရောက်ရှိပါက ဆုံးရှုံးမှု များပေလိမ့်မည်။ နှောင့်နှေးမှုများနှင့် ဆုံးရှုံးမှုများကို ရှောင်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် တင်သွင်းသူအများအပြားသည် တောင်ပိုင်းနယ်စပ်ဂိတ်များမှတစ်ဆင့် ၎င်းတို့၏ ကုန်ပစ္စည်းများကို လမ်းကြောင်းပြောင်းတင်သွင်းနေကြသည်။

နီပေါတာဝန်ရှိသူများသည် နယ်စပ်ပိတ်သည့်အကြောင်း အကြောင်းကြားခံရခြင်းမရှိသဖြင့် တရုတ်နယ်စပ်၌ ကွန်တိန်နာပေါင်းမည်မျှ သောင်တင်နေကြောင်း မသိကြပေ။ နီပေါအမျိုးသားစီးပွားရေးအဖွဲ့ချုပ်က သံတမန်နည်းအရ ညှိနှိုင်းမှုများဖြင့် ကုန်သွယ်မှုလမ်းကြောင်း အမြန်ဆုံးဖွင့်ပေးရန် အစိုးရအား ဩဂုတ် ၂၁ ရက်က တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly