အကြီးစားစစ်ရေးလေ့ကျင့်မှု ၂ ခုက တရုတ်၊ မြောက်ကိုရီးယားတို့နှင့် တင်းမာမှုများမြင့်တက်ရန် ခြိမ်းခြောက်နေ

အကြီးစားစစ်ရေးလေ့ကျင့်မှု ၂ ခုက တရုတ်၊ မြောက်ကိုရီးယားတို့နှင့် တင်းမာမှုများမြင့်တက်ရန် ခြိမ်းခြောက်နေ

အမေရိကန်နှင့် သြစတြေးလျတို့ ဦးဆောင်သည့် နိုင်ငံစုံလေတပ်များပါဝင်သော အကြီးစားစစ်ရေးလေ့ကျင့်မှုကို သြစတြေးလျ မြောက်ပိုင်း၌ ပြုလုပ်ရာတွင် ဂျာမနီကလည်း ပထမဆုံးအကြိမ်အဖြစ်ပါဝင်ခဲ့ရာတွင် ယင်း စစ်ဆင်ရေးသည် အာရှရှိ လုံခြုံရေးစိန်ခေါ်မှုများအတွက် ဥရောပ၏ ကြီးမားသော တုံ့ပြန်မှုအဖြစ် လေ့လာ သုံးသပ်သူတစ်ဦးက အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်။

အလားတူပင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး ဒေသတွင်း၌ တင်းမာမှုများ ဆက်လက်မြင့်မားနေနေချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၄ နှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၂ ရက်တွင် စတင်ခဲ့သည်။

၁၉၈၁ ခုနှစ်နောက်ပိုင်း ၂ နှစ် တစ်ကြိမ်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၄ နှစ်မျှ ရပ်နားခဲ့သော Exercise Pitch Black ခေါ် စစ်ရေးလေ့ကျင့်မှုသည် ခါတိုင်းထက် နိုင်ငံများပါ ပိုမိုပါဝင်လာကာ ပြန်လည် ကျင်းပခြင်းဖြစ်သည်။

နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်သည့် စစ်ရေးလေ့ကျင့်မှုတွင် ဂျာမနီ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ပထမဆုံး အကြိမ်အဖြစ် ပါဝင်ကြခြင်းဖြစ်သည်။ ၎င်းနိုင်ငံများသည် ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပ မည့် စစ်ရေးလေ့ကျင့်မှုများတွင် လေယာဉ်အစင်းပေါင်း ၁၀၀ နှင့် တပ်ဖွဲ့ဝင် ၂၅၀၀ တို့ကို စေလွှတ်သွားမည် ဖြစ်သည်။

Exercise Pitch Black စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံများ အပြန်အလှန်ပူးပေါင်း လုပ်ဆောင်နိုင်မှုနှင့် နားလည်မှု အားဖြင့် ဒေသတွင်း လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ဩစတြေးလျတော်ဝင် လေတပ်(RAAF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်က အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်ဦးဆောင်သော လုံခြုံရေးဆိုင်ရာအစပျိုးမှုများနှင့် လုပ်ဆောင်ချက် များကို ကြိမ်ဖန်များစွာ ဝေဖန်ခဲ့ပြီး အာရှအသွင် NATO တပ်ဖွဲ့ ကိုပုံဖော်ရန် အနောက ်နိုင်ငံများ၏ ကြိုးပမ်းမှုများအဖြစ် ခေါ်ဝေါ်ခဲ့သည်။

Exercise Pitch Black စစ်ရေးလေ့ကျင့်မှုသည် တရုတ်ဆန့်ကျင်ရေးတပ်ပေါင်းစုထဲသို့ နိုင်ငံများကို ထပ်မံဆွဲထည့်ခြင်းဖြစ်ပြီး ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်ကို ဖိအားပေးရန် အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ပြသခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required