“တကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ အဓိပ္ပါယ် ပြောင်းလဲ သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ။”

“တကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ အဓိပ္ပါယ် ပြောင်းလဲ သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ။”

ကိုမျိုးသန့်ရေ

အခုတစ်ပတ်အတွင်း ကျွန်တော်ဟာ ကျောက်တန်းမြို့နယ်ထဲက မြကိုင်းဆိုတဲ့ ကျေးရွာလေး က စာပေဟောပွဲမှာ သွားရောက် ဟောပြောပါတယ်။ နောက် ရန်ကုန် ဥရောပသမဂ္ဂ သံရုံးရဲ့ ဖိတ်ကြား ချက်အရ သူတို့ရုံးကိုသွားပြီး သံမှူးတွေ၊ ပထမ အတွင်းဝန်တွေ၊ နိုင်ငံရေးနဲ့ သတင်းမီဒီယာဆိုင်ရာ အရာရှိတွေကို အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်တွေကို သွားရှင်းပြတာ လုပ်ပါ တယ်။ တစ်ရက်မှာတော့ ရန်ကုန်နဲ့ မန္တလေးက ကုန်သည်ကြီးတစ်ချို့က ဖိတ်လို့ ညစာစားရင်း ခုလိုပဲ အသွင်ကူးပြောင်းရေးနဲ့ဆိုင်တဲ့ အလားအလာကို အလွတ်သဘော ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ခဲ့ ပါသေးတယ်။

စာပေဟောပြောပွဲမှာကတော့ ကျွန်တော့် ထုံးစံအတိုင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခြေအနေတွေကို အရင်ရှင်းပြပါတယ်။ အသွင်ကူးပြောင်းရေးနဲ့ ရှေ့ဖြစ်လာနိုင်တဲ့ နိုင်ငံ့ အခြေအနေတွေကို ပြောပြပြီးနောက် ပြည်သူတွေအနေနဲ့ သူတို့ ဘာတွေ လုပ်သင့်သလဲဆိုတာ ရှင်းပြပါတယ်။ အဓိက ကျွန်တော့် ဆိုလိုရင်းဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြောင်းလဲဖို့ ဆိုတာဟာ အာဏာရ အစိုးရတစ်ဖွဲ့ထဲ၊ လွှတ်တော်တစ်ခုထဲ လုပ်လို့ရတာမျိုးမဟုတ်ပဲ ပြည်သူတွေအားလုံးနဲ့ဆိုင်ပြီး ပြည်သူ တွေအားလုံး ဝိုင်းလုပ်မှရမှာ အောင်မြင်မှာ ဖြစ်တဲ့အကြောင်းပါ။

ဒါကြောင့် ပြည်သူတွေဟာ တစ်ခုခုဆို အစိုးရက လုပ်ပေးလိမ့်မယ် ဆိုတာမျိုး မတွေးပဲ ကိုယ်ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိအောင်ကြိုးစား၊ ရအောင် နည်းလမ်းရှာလုပ်၊ အရေးအကြီးဆုံးကတော့ ကိုယ်ကိုယ်တိုင် အသိဉာဏ် ဗဟုသုတ များလာအောင် ကြိုးစား၊ ကိုယ့်ကလေးတွေ ပညာတော်လာအောင် သင်ပေး၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ ချမ်းသာအောင်လုပ်၊ အဲလို ကိုယ့်အတွက် ကိုယ်လုပ်တာဟာ တိုင်းပြည်အတွက် လုပ်တာ နဲ့ အတူတူပဲဆိုပြီး ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ပြည်သူတွေ တစ်ဦး ချင်း၊ မိသား တစ်စုချင်း၊ ကျေးရွာ တစ်ခုချင်း အရည်အချင်းပြည့်ဝ၊ အင်အား တောင့်တင်းမှ တိုင်းပြည် အင်အားတောင့်တင်းမှာပါ။ အဲဒီလို ပြည်သူမျိုး နဲ့မှသာ လက်ကျန် အာဏာရှင် စနစ် ကို ရင်ဆိုင်ပြီး ဒီမိုကရေစီ ပန်းတိုင်ဆီ အရောက် ချီတက်နိုင်မှာပါ။

ကျွန်တော် ဥရောပ သမဂ္ဂဝင် သံတမန်တွေကို မတွေ့ဆုံခင် ရက်ပိုင်းမှာပဲ ပြင်သစ် သံရုံးက ပထမ အတွင်းဝန်နဲ့ တွေ့ခဲ့ စကားပြောခဲ့ပါသေးတယ်။ သူက နိုင်ငံရေးနဲ့ မီဒီယာ ကဏ္ဍကို တာဝန် ယူထားသူ ဖြစ်လေတော့ အသွင်ကူးပြောင်းရေး ကိစ္စတွေ၊ ကျွန်တော်တို့ဆီက မီဒီယာ ကိစ္စတွေကို သိချင်၊ အမြင်တွေ စုဆောင်းချင်လို့ပါ။ သူနဲ့တွေ့ဆုံပြီး နောက် နှစ်ရက်လောက်ကြာမှ ဥရောပ သမဂ္ဂ က သံတမန်တွေနဲ့ တွေ့တာပါ။ အဲဒီမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံး က သံမှူး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဌာန က ပထမ အတွင်းဝန်၊ ဆွီဒင် သံရုံးက သံမှူးကြီး၊ ချက် ရီပတ်ဗလစ်၊ ပိုလန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂဝင် နိုင်ငံတွေက သံတမန်တွေ တက်ကြပါတယ်။ သူတို့တွေက The Myanmar Times, Mizzima, Frontier မှာ ဖော်ပြထားတဲ့ ကျွန်တော့်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ သုံးသပ် ချက်တွေကို ဖတ်မိကြပြီး ကျွန်တော့်ကို ဖိတ်ကြားတာ ဖြစ်ပါတယ်။

ကိုမျိုးသန့်ရေ -

သူတို့ကတော့ လက်ရှိ အသွင်ကူးပြောင်းရေးကို အတော် စိတ်ဝင်စားပါတယ်။ ကျွန်တော်က တော့ လက်ရှိ အသွင်ကူးပြောင်းရေးမှာ ရောက်နေတဲ့ အဆင့်၊ ဖြစ်နေတဲ့ ပြသနာတစ်ချို့ကို ရှင်းပြပါ တယ်။ အင်န်အယ်လ်ဒီ ဘက်က ဖွဲ့စည်းပုံမှာ ပါတဲ့ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်ရေး ကြိုးပမ်းမှု၊ တပ်မတော်ဘက်က ကချင်၊ ရခိုင်၊ ရှမ်းနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် လေးနေရာ တောင်းတဲ့ ကိစ္စ၊ သူရဦးရွှေမန်းနဲ့ သူ့ လူဟောင်းတွေကို လွှတ်တော် ကော်မတီ တစ်ခုမှာ တာဝန်ပေးလိုက်တဲ့ ကိစ္စ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် (၆၅) နှစ်အထိ တာဝန်ဆက်ယူသွားမယ်ဆိုပြီး ဖြစ်ပေါ်နေတဲ့ သတင်း အဲဒါတွေ ရှင်းပြခဲ့ပါ တယ်။

ကျွန်တော် အဓိက ဇောင်းပေး ပြောခဲ့တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း ပါ။ အရင် စစ်အာဏာရှင်တွေဟာ တိုင်းပြည်မှာ စစ်ဘုရင်မင်းဆက်က အုပ်စိုးတဲ့စနစ် ထွန်းကားလာ အောင် ဒီ ဖွဲ့စည်းပုံကို အသေအခြာ ပြင်ဆင် ရေးဆွဲပေးသွားခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် ဒီ ဖွဲ့စည်းပုံ ကို ကျင့်သုံးပြီး ပထမ (၅) နှစ်တာ ကာလမှာကိုပဲ စစ်ဗိုလ်ချုပ်တွေကြား အချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခ၊ ကိုးကန့် တိုက်ပွဲ ဖြစ်ပွားပြီး တပ်မတော်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်သွားတဲ့ ကိစ္စ၊ အနောက်နိုင်ငံတွေနဲ့ ပြေလည်ရေး ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကို ခွင့်ပြုလိုက်ရ တဲ့ ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးမှု၊ ပြည်သူတွေရဲ့ တစ်ခဲနက် အားပေးမှုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အဓိပ္ပါယ်လည်း ပြောင်းလဲသွားတဲ့ အကြောင်း ရှင်းပြပါတယ်။ အဓိကကတော့ အရင်တုန်းက ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာဟာ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အကျိုးစီးပွားအတွက် သက်သက်ပဲ ဖြစ်ပြီး၊ လက်ရှိ အချိန်မှာတော့ ရွေးကောက်ပွဲ ရလာဒ်အရ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွား သက်သက် အဖြစ်ကနေ ပြောင်းလဲသွားပြီ ဖြစ်တဲ့အကြောင်း၊ ပြည်သူ့ အကျိုးစီးပွားနဲ့ စစ်ဗိုလ်ချုပ်တွေ အကျိုးစီးပွားပူးတွဲ တန်ဘိုးရှိတဲ့ ဖွဲ့စည်းပုံအဖြစ် ရောက်သွားတဲ့အကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ အင်န်အယ်လ်ဒီ ဟာ ဒီ ဖွဲ့စည်းပုံနဲ့ပဲ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်သင့်ပြီး နောင် အစိုးရအဖွဲ့ သြဇာအာဏာ ခိုင်မာလာမှ၊ အဖွဲ့အစည်းတွေ ခိုင်မာလာမှ ဖွဲ့စည်းပုံပြင်ရေးကို လုပ်သင့် ကြောင်း အစရှိသဖြင့် ရှင်းပြခဲ့ပါတယ်။

ထုံးစံအတိုင်း မေးခွန်းတွေ ရှိသလို၊ မကောင်းတဲ့ ဖွဲ့စည်းပုံကို မြန်မြန် ပြင်ရမယ် ဆိုတဲ့ မတူတဲ့ အမြင်ရှိတဲ့ သံတမန်တွေလဲ ရှိတာပေါ့ဗျာ။ ဒါတွေကိုတော့ အပြန်အလှန် ဆွေးနွေးကြရတာပေါ့။ ဒါပါပဲ ကိုမျိုးသန့်ရေ။ လက်ရှိ ကျွန်တော်တို့ နိုင်ငံက အသွင်ကူးပြောင်းရေးကို ကျွန်တော်တို့ ပြည်သူတွေတင် မက တကမ္ဘာလုံးက စိတ်ဝင်စားနေကြတာ အဲဒါတွေက သက်သေပါပဲဗျား။

ကျန်းမာ ပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly