စင်္ကာပူတွင် အမျိုးသားချင်း လိင်ဆက်ဆံမှုကို ပြစ်မှုအဖြစ် သတ်မှတ်သည့် ဥပဒေ ပြန်ရုပ်သိမ်းမည်

စင်္ကာပူတွင် အမျိုးသားချင်း လိင်ဆက်ဆံမှုကို ပြစ်မှုအဖြစ် သတ်မှတ်သည့် ဥပဒေ ပြန်ရုပ်သိမ်းမည်
Photo - AFP

ဩဂုတ် ၂၂

စင်္ကာပူနိုင်ငံတွင် အမျိုးသားချင်း လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် ပြဋ္ဌာန်းသတ်မှတ်သည့် ကိုလိုနီခေတ် ဥပဒေတစ်ရပ်ကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက ဩဂုတ် ၂၁ ရက်တွင် ပြောသည်။

သို့သော် လက်ထပ်ထိမ်းမြားခြင်းက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအကြားမှာ ဖြစ်သည်ဆိုသည့် ဥပဒေအဓိပ္ပါယ်သတ်မှတ်ချက်ကို အစိုးရအနေဖြင့် အပြောင်းအလဲ လုပ်သွားမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဗြိတိသျှကိုလိုနီလက်ထက်က ပြဋ္ဌာန်းခဲ့သည့် စင်္ကာပူ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ (က) အရ အမျိုးသားချင်း လိင်တူဆက်ဆံမှုကို ထောင်ဒဏ် အများဆုံး နှစ်နှစ်အထိ ချမှတ်ပြစ်ဒဏ်ပေးနိုင်သည်။

ထိုဥပဒေက ချမ်းသာကြွယ်ဝသော စင်္ကာပူ၏ ပိုမို ခေတ်မီ၊ တက်ကြွလာသော ယဉ်ကျေးမှုအတွက် ပြဿနာများကို ဖြစ်စေသည်ဟု လိင်တူ အခွင့်အရေး လှုပ်ရှားသူများက ကာလကြာကတည်းက ပြောဆိုခဲ့ကြပြီး မအောင်မြင်ခဲ့သော ဥပဒေရေရာ စိန်ခေါ်မှု နှစ်ခုကို လုပ်ဆောင်ထားခဲ့သည်။

ထို ဥပဒေကို ဆက်လက်ထားရှိသင့်သည်ဟု အစိုးရက ဆုံးဖြတ်ခဲ့သည့် လွန်ခဲ့သည့် ၁၅ နှစ်ခန့်အကြာနောက်ပိုင်း သဘောထားများက ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ်က ဩဂုတ် ၂၁ ရက် အဓိက မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်တွင်းတွင် အထူးသဖြင့် ငယ်ရွယ်သည့် စင်္ကာပူနိုင်ငံသားများအကြား လိင်တူစုံမက်သူများကို ယခုအခါ ပိုမိုလက်ခံလာနေကြပြီဟု ၎င်းက ပြောသည်။

“ခုချိန်မှာ အခြေခံကျတဲ့ မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုယ် တစ်ဖန် ပြန်မေးရပါမယ်။ အမျိုးသား‌တွေအကြား နှစ်ကိုယ်ချင်း လိင်တူဆက်ဆံမှုကို ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်သင့်သလား ဆိုတာပါ” ဟု ၎င်းက ပြောသည်။

“အစိုးရအနေနဲ့ ပုဒ်မ ၃၇၇(က) ကို ရုပ်သိမ်းပါမယ်။ အမျိုးသားချင်း လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာကနေ ပယ်ဖျက်ပါမယ်။ ဒါက လုပ်သင့်တဲ့အရာတစ်ခုဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စင်္ကာပူနိုင်ငံသားအများစုလည်း ဒါကို ခုချိန်မှာ လက်ခံပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly