ပါကစ္စတန်၏ အရန်နိုင်ငံခြားသုံးငွေ ဒေါ်လာ ၂ ဘီလီယံကျော် လျော့ကျသွား

ပါကစ္စတန်၏ အရန်နိုင်ငံခြားသုံးငွေ ဒေါ်လာ ၂ ဘီလီယံကျော် လျော့ကျသွား

ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးက ဆက်လက်ကျဆင်းလျက်ရှိစဉ် ပြည်ပကြွေးမြီ အတိုးအရင်း အများအပြားကို ပြန်ပေးဆပ်ရခြင်းကြောင့် လက်ရှိဘဏ္ဍာနှစ်၏ ပထမဆုံး သီတင်းပတ် ၅ပတ်အတွင်း အဆိုပါနိုင်ငံ၏ အရန် နိုင်ငံခြားသုံးငွေသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် လျော့ပါးသွားခဲ့သည်။

ကြွေးမြီ ဆက်လက်ပေးဆပ်ခဲ့ရပြီးနောက် ဩဂုတ်လ၏ ပထမသီတင်းပတ်တွင် ယင်းနိုင်ငံ၏ အရန် နိုင်ငံခြားသုံးငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံအမှတ်အောက် ရောက်ရှိခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွက် ၇၅ နှစ်တာကာလအတွင်း လွတ်လပ်သော အစိုးရပုံစံနှင့် လုပ်ငန်းစဉ်က ဝရုန်းသုန်းကား ဖြစ်ပြီး လှိုင်းလေထန်ထားခဲ့သည်။ စစ်တပ်အုပ်ချုပ်မှုနှင့် အရပ်သားအစိုးရများ အုပ်ချုပ်မှုတို့အကြား အလှည့် အပြောင်း ဖြစ်ခဲ့ခြင်းနှင့်အတူ အဆိုပါနိုင်ငံတွင် ယနေ့အချိန်အထိ မည်သည့်ဝန်ကြီးချုပ်မှ သက်တမ်း ၅နှစ်ပြည့်မြောက်သည်အထိ ထမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

စတင်ထူထောင်စဉ်က တောက်ပသော အနာဂတ်တစ်ခုအတွက် များစွာ ယုံကြည်မျှော်မှန်းထားခဲ့သည့် နိုင်ငံအတွက် ယခု သမားရိုးကျမဟုတ်သော နိုင်ငံရေးလွန်ဆွဲပွဲက ပြည်တွင်းစိန်ခေါ်မှုမျိုးစုံကို ဖြစ်ပေါ်စေသည်။ ပါကစ္စတန်၏ မငြိမ်မသက်ဖြစ်မှု သမိုင်းမှတ်တမ်းတစ်လျှောက်တွင် အထူးသဖြင့် ယခုနောက်ပိုင်းနှစ်များသည် ထူးခြားစွာဖြင့် ကမောက်ကမ ဖြစ်ထားခဲ့ပြီး ကြီးလေးသော စီးပွားရေးဆိုင်ရာ မသေချာ မရေရာမှုဆီ ဦးတည်စေခဲ့သည်။

အရန်နိုင်ငံခြားသုံးငွေများ လျော့ကျလာပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေစဉ် အဆိုပါ အစ္စလမ္မစ် သမ္မတနိုင်ငံသည် စီးပွားရေး ပြိုလဲတော့မည့်ဆဲဆဲ အခြေအနေတွင် ရောက်ရှိနေသည်။ ပါကစ္စတန်၏ ငွေကြေး ဖောင်းပွမှုက ယခုနှစ် ဇွန်လတွင် ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာတွင် ငွေကြေးဖောင်းပွမှုနှုန်း ၂၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အမြင့်ဆုံး အတိုင်းအတာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required