ပါကစ္စတန်တွင် ဘာသာရေး စော်ကားမှုဥပဒေများ အလွဲသုံးစားလုပ်မှု တိုက်ဖျက်ရေး အစီအမံများ ဖော်ဆောင်ရန် အစိုးရကို တိုက်တွန်း

ပါကစ္စတန်တွင် ဘာသာရေး စော်ကားမှုဥပဒေများ အလွဲသုံးစားလုပ်မှု တိုက်ဖျက်ရေး အစီအမံများ ဖော်ဆောင်ရန် အစိုးရကို တိုက်တွန်း

ပါကစ္စတန် ဖက်ဒရယ်အစိုးရအနေဖြင့် နိုင်ငံတွင် လူနည်းစု အသိုက်အဝန်းများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု များကို တားဆီးကာကွယ်ပေးနိုင်မည့် ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အကာအကွယ်များ ပြဋ္ဌာန်း  ဖော်ဆောင်ရမည် ဖြစ်သလို ဘာသာရေး စော်ကားမှု ဥပဒေများကို အလွဲသုံးစားပြုလုပ်ခြင်း မရှိစေရန်နှင့် အတင်း အကျပ် အယူဘာသာ ပြောင်းခိုင်းမှုများကို တားဆီးနိုင်ရန် အရေးကြီးသော လုပ်ဆောင်ချက်များကို လုပ်ဆောင်သွားရလိမ့်မည် ဖြစ်သည်။

အမျိုးသား လူနည်းစုများနေ့ အထိမ်းအမှတ်အဖြစ် ဩဂုတ် ၁၁ ရက်က ကရာချိ မီဒီယာအသင်းတိုက်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ကျင်းပသော ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို သတင်းစာရှင်းလင်းပွဲတွင် အမျိုးသမီးများ၏ အဆင့်အတန်းဆိုင်ရာ ဆင်းဒ် ကော်မရှင်၏ ဥက္ကဋ္ဌ နူဇတ် ရှီရင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နာဗီးဒ် အန်သိုနီ၊ မြို့ပြရင်းမြစ်စင်တာမှ ဇာဟစ် ဖာရု၊ The Knowledge Forum မှ နက်ဂ်မာ အစ်ဖ်တီဒါနှင့် လူနည်းစုအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဇာဖာ အစ်ခ်ဘဲလ်တို့က မိန့်ခွန်း ပြောဆိုခဲ့သည်။

“ပါကစ္စတန်နိုင်ငံ တည်ထောင်သူ မိုဟာမက် အလီ ဂျင်နာက ပါကစ္စတန်ကို ငြိမ်းချမ်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မျှော်မှန်းခဲ့တာပါ။ အဲဒီနိုင်ငံမှာ ခွဲခြားဆက်ဆံမှု၊ လွတ်လပ်ခွင့်မပေးဘဲ ချုပ်ချယ်လိုမှုနဲ့ အကြမ်းဖက်မှုတို့က ဘယ်လိုအကြောင်းရင်းနဲ့မှ မရှိရပါဘူး။ နိုင်ငံသားအားလုံးဟာ တန်းတူညီတူ အခွင့်အရေးတွေ၊ အခွင့်အလမ်းနဲ့ ဆက်ဆံခံရမှုတို့ကို ခံစားနိုင်ရမှာဖြစ်သလို သူတို့ရဲ့ ယုံကြည်မှု ဘာသာတရားတွေကိုလည်း လွတ်လပ်စွာ ကိုးကွယ် ကျင့်သုံးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ လူနည်းစုတွေအပေါ် ထိခိုက်စေတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေ အတွက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ လိုပါတယ်” ဟု နက်ဂ်မာ အစ်တီဒါက ထုတ်ပြန်ချက် တစ်ရပ်ကို ဖတ်ကြားသွားသည်။

“ဘာသာရေးစော်ကားမှု စွဲချက်တွေအောက်က အမှုကိစ္စအများစုဟာဆိုရင် လုပ်ဇာတ်ခင်းထားတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ အခြေတည်တာဖြစ်တယ်။ အဲဒီလို စွပ်စွဲချက်တွေကြောင့် စွပ်စွဲခံရသူကို ထောင်ဒဏ်နှစ်အချို့ ကျခံ ရမယ့်အရေးနဲ့ ရင်ဆိုင်ရစေပါတယ်။ တစ်ဖက်မှာတော့ မမှန်မကန် စွပ်စွဲမှုတွေ လုပ်နေတဲ့ တိုင်တန်းသူဟာ လိမ်လည်မှု ကျူးလွန်ပေမယ့်လည်း ပြစ်ဒဏ်ခတ်မခံရဘဲ ဖြစ်နေပါတယ်။ တစ်ခါတစ်ရံဆိုရင် စွပ်စွဲမှုတွေကြောင့် စွပ်စွဲခံရသူနဲ့ လူနည်းစု အသိုင်းအဝိုင်းအပေါ် လူအုပ်စုက အကြမ်းဖက်တဲ့ အခြေအနေအထိပါ ဦးတည်စေပါတယ်။ ဒါတွေ မဖြစ်အောင် အစိုးရဘက်က ဥပဒေနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ အစီအမံတွေ ဖော်ဆောင်ရင်း တားဆီးရ ပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required