အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ လာရောက်ချိန်တွင် ထိုင်ဝမ်အနီးအနား တရုတ်က စစ်ရေးလေ့ကျင့်မှုများ တစ်ဖန်ပြုလုပ်

အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ လာရောက်ချိန်တွင် ထိုင်ဝမ်အနီးအနား တရုတ်က စစ်ရေးလေ့ကျင့်မှုများ တစ်ဖန်ပြုလုပ်

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်၏ နောက်ထပ်ကိုယ်စားလှယ်အဖွဲ့ လာရောက်ချိန်တွင် ထိုင်ဝမ်ကို တရုတ်က ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လိုက်သည်။

တိုင်ပေမြို့သို့ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ရောက်ရှိပြီးနောက် တစ်ရက်အကြာ သြဂုတ် ၁၅ ရက်တွင် ထိုင်ဝမ်တစ်ဝိုက် ရေပြင်နှင့် လေပိုင်နက်တို့၌ တိုက်ပွဲသတိကင်းလှည့်မှုများနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီ၏ သြဂုတ်လ အစောပိုင်း ခရီးစဉ်အပြီးတွင် အက်မာကီ ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ကြိုတင်ကြေညာခြင်းမပြုဘဲ သြဂုတ် ၁၄ရက်က ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်ကို ဒေါသထွက်စေပြီး အကြီးစား စစ်ရေးလေ့ကျင့်မှုများပြုလုပ်စေခဲ့သည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်သို့ လာရောက် လည်ပတ်ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထပ်မံ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ 

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တရုတ် စစ်လေယာဉ် အစင်း ၃၀ နှင့် သင်္ဘော ၅ စင်းကို ထိုင်ဝမ်ရေလက်ကြားတွင် တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း တရုတ်စစ်တပ်က သြဂုတ် ၁၇ရက်တွင် ပြောကြားခဲ့သော်လည်း ထိုင်ဝမ်ရေလက်ကြားတွင် ကင်းလှည့်မှုများ ပုံမှန်ပြုလုပ်သွားမည်ဟု ကတိပြုခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်အာဏာရကွန်မြူနစ်ပါတီက ထိုင်ဝမ်အား မည်သည့် အခါမျှ မပိုင်ဆိုင်ခဲ့သော်လည်း ယင်း၏ ပိုင်နက် အစိတ်အပိုင်းအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံး၍ ထိုင်ဝမ်အား တရုတ်နှင့် ပြန်လည် ပေါင်းစည်း မည်ဟု ကာလရှည်ကြာကတည်းက ဆုံးဖြတ်ထားသည်။

အရေးကြီးသောကာလအတွင်း လာရောက်လည်ပတ်သည့် ကိုယ်စား လှယ်အဖွဲ့အား ကျေးဇူးတင်ရှိကြာင်းနှင့် ထိုင်ဝမ်အား လုပ်ဆောင်ချက်ဖြင့် ထောက်ခံကြောင်း ပြသခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း သြဂုတ် ၁၅ရက်က တွေ့ဆုံမှုတွင် ထိုင်ဝမ်သမ္မတ ချိုက်အင်းဝမ်က ပြောကြားခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly