နယ်သာလန်အမျိုးသမီးအသင်းနှင့် မြန်မာအမျိုးသမီးအသင်းကို မနှိုင်းယှဉ်ရန် ရော်ဂျာတောင်းဆို

နယ်သာလန်အမျိုးသမီးအသင်းနှင့် မြန်မာအမျိုးသမီးအသင်းကို မနှိုင်းယှဉ်ရန် ရော်ဂျာတောင်းဆို
မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာ။ (ဓာတ်ပုံ- ရွှေဘုတ်)

ဖေဖေါ်ဝါရီ ၁၉၊ ရန်ကုန်။         ။ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းနည်းပြသစ် ရော်ဂျာရိုင်နာက ယခင်ကိုင်တွယ်ခဲ့သော နယ်သာလန်အမျိုးသမီးအသင်းနှင့် မြန်မာအမျိုးသမီးအသင်းကို   နှိုင်းယှဉ်သုံးသပ်ခြင်းမပြုလုပ်ရန်ပရိသတ်များ ကိုတောင်းဆိုခဲ့သည်။

ရော်ဂျာရိုင်နာမှာ နယ်သာလန်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကို ၂၀၁၀မှ ၂၀၁၅အထိ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂၀၁၅အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်ခွင့်ရရန် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

ရော်ဂျာမှာ ဘောလုံးအင်အားကြီးနိုင်ငံဖြစ်သော နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ရောက်လာသူဖြစ်သောကြောင့် ဘောလုံးအဆင့်အတန်းကွာဟလွန်းနေသည့်အတွက်   မြန်မာအသင်းကို   အောင်မြင်မှုရရန်  စွမ်းဆောင်နိုင်ဖွယ်မရှိဟု ပရိသတ်အချို့ကသုံးသပ်နေကြသည်။

“နယ်သာလန်နဲ့ မြန်မာကိုနှိုင်းမယ်ဆိုရင်တော့ တရားမျှတမှုမရှိပါဘူး။ မြန်မာအမျိုးသမီးအသင်းကို နယ်သာလန်အမျိုးသမီးအသင်းနဲ့ ယှဉ်ပြီးလုပ်မယ်ဆိုရင်တော့ မအောင်မြင်နိုင်ဘူး။ ဒါပေမယ့် အာဆီယံဘောလုံးအဆင့်အတန်းနဲ့ချိန်ပြီးကျွန်တော်ပြင်ဆင်ပေးမှာပါ။ အားသာတာတစ်ခုက မြန်မာအမျိုးသမီးအသင်းက ကစားသမားတွေက လိဂ်ပြိုင်ပွဲမရှိတဲ့အတွက် ငါးလလောက် စုစည်းလေ့ကျင့်နိုင်တာပါ။”ဟု ရော်ဂျာက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နယ်သာလန်အမျိုးသမီးလက်ရွေးစင်ဟောင်း ရော်ဂျာရိုင်နာကို ခြောက်လသက်တမ်းရှိ စာချုပ်သာချုပ်ထားပြီး အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအောင်မြင်မှု အပေါ် မူတည်ကာ စာချုပ်သက်တမ်းတိုးရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly