တရုတ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ရေလက်ကြားတွင် အမေရိကန်က လေကြောင်းနှင့် ရေကြောင်းဖြတ်သန်းသွားလာမှုများ ပြုလုပ်မည်

By Business-standard
19 August 2022
တရုတ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ရေလက်ကြားတွင် အမေရိကန်က လေကြောင်းနှင့် ရေကြောင်းဖြတ်သန်းသွားလာမှုများ ပြုလုပ်မည်

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်အနီးအနားတွင် တရုတ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် လာမည့် သီတင်းပတ်များအတွင်း ထိုင်ဝမ်ရေလက်ကြား၌ အမေရိကန်က လေကြောင်းနှင့် ရေကြောင်းဖြတ်သန်းသွားလာမှုအသစ်များ ပြုလုပ်ရန် ရှိနေကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်သည်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ သြဂုတ်လအစောပိုင်းက ထိုင်ဝမ်သို့ ခရီးစဉ်အတွင်း တရုတ်က အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုအား ယင်း၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ် အနီးတစ်ဝိုက်တွင် ပြုလုပ်ခဲ့ကြောင်း Al Jazeera က ဖော်ပြခဲ့သည်။

တင်းမာမှုများရှိနေသော်လည်း နိုင်ငံတကာဥပဒေမှ ခွင့်ပြု ထားသည့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုင်ရာ ကတိကဝတ်များနှင့်အညီ အမေရိကန်သည် ပျံသန်း၊ ခုတ်မောင်း၊ လှုပ်ရှားမှု များကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အကြံပေးနှင့် အာရှ-ပစိဖိတ်ရေးရာ ကိစ္စရပ်များအတွက် အိမ်ဖြူတော် ညှိနှိုင်း ရေးမှူး ကာ့ကမ်ဘဲလ်က ပြောကြားခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ပုံမှန်လေကြောင်းနဲ့ ရေကြောင်း ဖြတ်သန်းသွားလာမှုတွေ လုပ်ဆောင်ဖို့ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပေလိုစီ၏ ခရီးစဉ်အတွင်း တရုတ်က ထိုင်ဝမ်ရေလက်ကြားတွင် ယင်း၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး အမေရိကန်သည် တရုတ်၊ ထိုင်ဝမ်နှင့် ပတ်သက်သည့် တရားဝင်မူဝါဒကို ဆန့်ကျင်လုပ်ဆောင် နေသည်ဟု စွပ်စွဲခဲ့သည်။

ထို့ပြင် ကျူးကျော်ရန် အစမ်းလေ့ကျင့်မှုဟု ထိုင်ဝမ်က ခေါ်သည့် စစ်ရေးလေ့ကျင့်မှုစတင်ရန် အကြောင်းပြချက်အဖြစ် ဆယ်စုနှစ်များအတွင်း အဆင့်အမြင့်ဆုံး အမေရိကန် ထိပ်တန်းပုဂ္ဂိုလ်ပေလိုစီ၏ ခရီးစဉ်ကို တရုတ်က အသုံးချခဲ့သည်ဟု ထိုင်ဝမ်က စွပ်စွဲခဲ့ကြောင်း Al Jazeera က ဖော်ပြခဲ့သည်။

ယင်းသို့ လာရောက်လည်ပတ်ခြင်းက ထိုင်ဝမ်သည် တရုတ်နှင့် သီးခြားစီဖြစ်ပြီး "ထိုင်ဝမ်သည် သီးခြားနိုင်ငံ တစ်ခုကဲ့သို့ အမှီအခိုကင်းကင်း" ရပ်တည်နိုင်စေရန် သံတမန်ရေးရာနေရာပိုမိုရလာစေနိုင်သည်ဟု တရုတ် လေ့လာဆန်းစစ်သူ အင်ဒရူလန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required