ဖော်ချွတ်ဝတ်စားထားသည့် မိန်းမလှလေးများမှာ အပမှီခံရနိုင်ခြေပိုများဟု အစ္စလာမ်ပယောဂဆရာ ပြော

ဖော်ချွတ်ဝတ်စားထားသည့် မိန်းမလှလေးများမှာ အပမှီခံရနိုင်ခြေပိုများဟု အစ္စလာမ်ပယောဂဆရာ ပြော

ဂါနာ၊ ဖေဖော်ဝါရီ-၁၉ ။         ။ အဖော်အလှစ် အဝတ်အစားတွေဝတ်တတ်ကြတဲ့ လှပဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်ကို လုယူပူးကပ်တဲ့ သဘာဝလွန်တွေကို လက်ယပ်ခေါ်နေသလို အန္တရာယ်များလှတယ်လို့ အနောက်အာဖရိက၊ ဂါနာမှာ အခြေစိုက်တဲ့ ပယောဂဆရာများဖြစ်ကြတဲ့ မာလမ် လူသဖီ ဂျမယ် ဘာဘာနဲ့ မာလမ် မိုဟမ္မတ်တို့က ပြောကြားခဲ့ကြပါတယ်။

လှပသူတွေဟာ စေတန်ရဲ့ အပေါင်းအဖော်တွေရန်က ဘေးကင်းလုံခြုံနေဖို့ဆိုရင် ခန္ဓာကိုယ်ကို လုံလုံခြုံခြုံ ထုပ်ပိုးထားတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ အဆိုပါ ပယောဂဆရာစုံတွဲက ပြောကြားပါတယ်။

ယောကျ်ားများလည်း မကောင်းဆိုးရွား ပူးကပ်ခံရနိုင်ပေမယ့်၊ မိန်းမများက ပိုဖြစ်နိုင်ခြေများပြီး၊ အထူးသဖြင့် လှပတဲ့မိန်းခလေးတွေဟာ ပိုပြီး မကောင်းဆိုးရွား ပူးကပ်ခံရလွယ်တယ်လို့ ဆိုပါတယ်။

မကောင်းဆိုးရွားတွေကို ပိတ်လှောင်ကန့်သတ်ထားဖို့ဆိုရင် မိန်းခလေးတွေအနေနဲ့ မလုံမခြုံနဲ့ ရေကူးတာမျိုး၊ နေစာလှုံတာမျိုး မလုပ်သင့်ဘူးလို့လည်း စုံတွဲထဲက တစ်ယောက်ဖြစ်တဲ့ မာလမ် မိုဟမ္မတ် က ပြောပါတယ်။

သေချာတဲ့ကာကွယ်နည်းကတော့ ဘုရားစာရွတ်တာရယ်၊ အဖော်အချွတ်အဝတ်အစားတွေနဲ့ ရေချိုး (ဒါမှမဟုတ်) နေစာလှုံခြင်းမျိုး မလုပ်တာပဲလို့လည်း မိုဟမ္မတ်က ပြောပါတယ်။

မကောင်းဆိုးရွားကို မောင်းထုတ်ဖို့ဆိုရင် အမှောင့်ပယောဂ ပူးကပ်နေတဲ့လူတွေကို ကြိမ်လုံးနဲ့ ရိုက်တာက အမြန်ဆုံးနည်းလမ်းလို့လည်း မစ္စတာ မိုဟမ္မတ်က ယုံကြည်နေပါတယ်။ ဒါပေမယ့် အဲဒီတစ်ခဏမှာ အရိုက်ခံရသူဟာ နာကျင်မှုကို မခံစားရဘူးလို့လည်း မိုဟမ္မတ်က ပြောကြားပါတယ်။

‘ဂျင်း (မကောင်းဆိုးရွား)ကပဲ နာကျင်မှုကို ခံစားရပြီး ကိုရမ်ကျမ်းစာကိုလည်း ရွတ်နေမယ်ဆိုရင် သူတို့ ထွက်ပြေးသွားမယ်’လို့ မိုဟမ္မတ်က ပြောပါတယ်။

ဒါပေမယ့် ပယောဂဆရာ မာလမ် လူသဖီ ဂျမယ် ဘာဘာကတော့ အမှောင့်ပယောဂဝင်နေတယ်လို့ ထင်ရတဲ့လူကို မရိုက်ပေမယ့်လည်း သူတို့ရဲ့နည်းကတော့ ကြိုးနဲ့ တုပ်ထားလိုက်တာပဲလို့ ဆိုပါတယ်။

 ‘ဂျင်းတစ်ချို့က ခေါင်းမာပြီး ကာယကံရှင်က မေ့မျောနေတဲ့အခါမှာ သူတို့က ကြမ်းတမ်းလာပြီး ပယောဂဆရာကိုတောင် ပြန်ပြီးတိုက်ခိုက်ဖို့ ကြိုးစားတတ်တယ်’လို့ မာလမ်က ပြောပါတယ်။

‘အဲဒီလို ကြမ်းတမ်းလာတဲ့အခါများမှာ အမှောင့်ပယောဂပူးကပ်နေသူတွေကို ကုလားထိုင်နဲ့ ပူးချည်ပြီး ငြိမ်အောင် ထိန်းထားရတယ်’’လို့လည်း မာလမ်က ပြောပါတယ်။

အဲဒီနောက်တော့ မာလမ်က ပယောဂနှင်စဉ်အတွင်း ကိုရမ်ကျမ်းစာကို ရွတ်ဖတ်နေတုန်းမှာ ကူညီသူတွေက အပမီသူတွေကို မကြမ်းနိုင်အောင် ချုပ်ထားကြရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မကောင်းဆိုးရွား ပူးကပ်ခံရတဲ့ မိန်းမလှတွေဟာ သူတို့ဖာသာသူတို့ တစ်ကိုယ်တည်း စကားတွေပြော၊ သူတို့ကိုယ်သူတို့ အန္တရာယ်ပြုနိုင်တဲ့အပြင် သိပ်ပြင်းထန်သွားရင် အခြားသူတွေကို သတ်ဖြတ်နိုင်တယ်လို့ ပယောဂဆရာနှစ်ယောက်စလုံးက ပြောပါတယ်။

အမီနုလို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ကတော့ အသက် ၂၀သာ ရှိသေးတဲ့ သူ့ရဲ့ ညီမငယ်ဟာ တစ်ချိန်လုံးလိုလို တံခါးပိတ် အခန်းအောင်းနေပြီး တစ်စုံတစ်ယောက်ကို ပြောသလိုမျိုး တစ်ကိုယ်တည်း စကားပြောနေတာကို ကြားနေခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ဆုံးတော့ သူမကို ပယောဂဆရာနဲ့ ကုခဲ့ရတယ်လို့ ဆိုပါတယ်။

မကောင်းဆိုးရွား ပူးကပ်ခြင်းကို ယုံကြည်မှုမှာ အာဖရိက၊ အာရှနှင့် တောင်အမေရိကအပါအဝင် နိုင်ငံအတော်များများတွင် အတွေ့ရများသည့်အပြင် ကက်သိုလစ်ခရစ်ယာန်ဘာသာတွင်ပင် ရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly