ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် တာလီဘန်တို့ ရှိနေမှုအပေါ် ဒေသခံများက ဆန့်ကျင်ဆန္ဒပြ 

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် တာလီဘန်တို့ ရှိနေမှုအပေါ် ဒေသခံများက ဆန့်ကျင်ဆန္ဒပြ 

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် ပါကစ္စတန်တာလီဘန်တို့ ရှိနေသည့်အတွက်ကြောင့် တရားဥပဒေ စိုးမိုးမှု အခြေအနေ ပိုမိုဆိုးဝါးနေခြင်းအပေါ် ဒေသခံပြည်သူများက ကန့်ကွက် ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် အကာအကွယ် ရရှိရေးကို တောင်းဆိုလျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က ဩဂုတ် ၁၀ ရက်တွင် ပြောသည်။ 

ထို့ပြင် အမျိုးသားလွှတ်တော် အစည်းအဝေး၌ တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့နှင့် ဆွေးနွေးမှုများ၏ အောင်မြင်မှုအပေါ် စိုးရိမ်ပူပန်မိကြောင်း အာဆစ်ဖ်က ထုတ်ဖော်သွားခဲ့သည်။

 ဆန္ဒပြမှုများကြောင့် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုကို ဖြစ်ပေါ်စေသည်ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။ ထို့ပြင် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် တာလီဘန်တို့ ရှိနေခြင်းအပေါ် ဆန့်ကျင်သည့် တာလီဘန် ဆန့်ကျင်ရေး ခံစားချက်များ ကြီးထွားနေကြောင်းလည်း  အာဆစ်ဖ်၏ ပြောကြားချက်ကို  Dawn သတင်းစာက ကိုးကားဖော်ပြသည်။

 ဖက်ဒရယ်စနစ်နဖြင့် စီမံအုပ်ချုပ်သည့် မျိုးနွယ်စု ဧရိယာများ (Fata) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် မိုဟ်ဆင်း ဒါဝါ၏  ထုတ်ပြန်ချက်တွင် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ အကြမ်းဖက်ဝါဒ မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်၏ အာရုံစိုက်မှုကို ရရှိစေရေး လုပ်ဆောင် ထားခဲ့သည်။ အာဖဂန်နစ္စ တန်မှ တာလီဘန်တို့ ရောက်လာပြီးနောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ အကြမ်းဖက်ဝါဒ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဒါဝါက ပြောသည်။

“ဒေသခံတွေဟာ မျိုးနွယ်စုဝင်တွေ သတ်ဖြတ်ခံရမှုအပေါ် ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ အဲဒီ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်နိုင်အောင် ဆန္ဒပြသူတွေ ကို စည်းရုံးသိမ်းသွင်းဖို့ မြောက်ဝါဇီရစ္စတန် ဂူလန် ခန်း ဧရိယာမှာရှိတဲ့ ပါကစ္စတန်-အာဖဂန်နစ္စတန် ဝင်ပေါက်နေရာကို သွားကြည့်ဖို့ နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုကို လုပ်ပိုင်ခွင့် ပေးထားပါတယ်” ဟု ဒါဝါက ပြောသည်။

ထို့ပြင် မြောက်ဝါဇီရစ္စတန်ရှိ ပြည်သူများသည် ၎င်းတို့အတွက် ငြိမ်းချမ်းရေးနှင့် အကာအကွယ် ရရှိရေးကို တောင်းဆိုသည့်၂၆ ရက်ကြာ ဆန္ဒပြမှုများလုပ်ဆောင်ခဲ့ကြောင်း ဒါဝါက ပြောကြားပြီး ခိုင်ဘာ ပက်ခ်တွန်ခဝါ၏ ယိုယွင်းဆိုးရွားနေသော အခြေအနေကို ထုတ်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly