တရုတ်နိုင်ငံ၏ မမြင်နိုင်သော အိမ်တွင်းအကြမ်းဖက်မှု ကပ်ရောဂါ

တရုတ်နိုင်ငံ၏ မမြင်နိုင်သော အိမ်တွင်းအကြမ်းဖက်မှု ကပ်ရောဂါ

 တရုတ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုများ မြင့်တက်လာခြင်းက   နိုင်ငံတွင်း၌ အိမ်တွင်း အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေ ထိရောက်မှုမရှိကြောင်းကို ထင်ရှားစွာ ဖော်ပြလျက်ရှိသည်။

 အလွတ်တန်းပညာရှင် ရှူလီဝမ်နှင့် တရုတ်နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တီယန်နန်မင်ရင်ပြင်ဖြစ်ရပ်မှ လွတ်မြောက်လာသော တရုတ်နိုင်ငံသားအာဏာရရှိရေး (Citizen Power Initiatives) အဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ကျန်းလီယန်တို့သည် ၎င်းတို့၏အတွေးအမြင်ဆောင်းပါး၌ တရုတ်၏ ဖုံးကွယ်နေသော ကပ်ရောဂါဖြစ်သည့် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို အလေးထားဖော်ပြကာ ရေးသားခဲ့ကြသည်။

၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံစာရင်းအင်းဗျူရိုနှင့် အမျိုးသမီး လူမှုအဆင့်အတန်းဆိုင်ရာ တတိယအကြိမ် စစ်တမ်း၌ အသက် ၂၀ မှ ၆၄ နှစ်အကြားရှိ အမျိုးသမီး ၂၄ ဒသမ ၇ ရာခိုင်နှုန်းသည် အိမ်တွင်းအကြမ်းဖက်မှုကို ပုံစံအမျိုးမျိုးဖြင့် ခံစားခဲ့ရသည်ဟု ဖြေဆိုခဲ့ကြသည်။ အမျိုးသမီးများပံ့ပိုးကူညီရေးအဖွဲ့သည် ပျမ်းမျှအားဖြင့် နှစ်စဉ် အိမ်တွင်းအကြမ်းဖက်မှုတိုင်ကြားချက်ပေါင်း ၄၀ ၀၀၀ မှ ၅၀ ၀၀၀ အကြား ရရှိခဲ့သည်။

ယင်းပြဿနာကို ပစ်မှတ်ထားရည်ရွယ်သည့် ပထမဆုံးဥပဒေကို ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သည်။ အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၏ အဓိကအခြေခံမူများမှာ အိမ်တွင်းအကြမ်းဖက်မှုကို တားဆီးရပ်တန့်ရန်၊ မိသားစုဝင်များ၏ တန်းတူအခွင့်အရေးကို ကာကွယ်ရန်၊ တန်းတူညီမျှရှိပြီး သဟဇာတဖြစ်သော ယဉ်ကျေးသော မိသားစုဆက်ဆံရေးကို ထိန်းသိမ်းရန်၊ မိသားစုသဟဇာတဖြစ်မှုနှင့် လူမှုရေးတည်ငြိမ်မှုကို မြှင့်တင်ရန် ဖြစ်သည်။

အိမ်တွင်း အကြမ်းဖက်မှု ပြဿနာမှာ အမျိုးသမီးများက ခေါင်းငုံ့နာခံရသည့် အလေ့အထကို အားပေးသည့် ကွန်ဖြူးရှပ်ဝါဒမှဆင်းသက်လာသော တရုတ်မိသားစုများ၏ စံတန်ဖိုးများကြောင့်ဖြစ်သည်။ ‘ရိုက်နှက်ခြင်းသည် ရင်းနှီးမှုကို ပြသပြီး ဆူပူကြိမ်းမောင်းခြင်းသည် ချစ်ခြင်းမေတ္တာကို ပြသသည်' ဟူသော ဆိုရိုးတွင် ပြောထားသည့် အတိုင်း  အမျိုးသမီးမိသားစုဝင်များအပေါ် အကြမ်းဖက်မှုကို  ပုံမှန်ဖြစ်စေပြီး အားပေးရာပင်ရောက်သည်။

အကြမ်းဖက်ခံရသူများကို ကယ်တင်မည့် ဥပဒေမထုတ်ခင်က မိသားစုသဟဇာတဖြစ်မှုနှင့် မိသားစုတာဝန်များကို ဖြည့်ဆည်းရေးကို အားပေးရန်  ဖျန်ဖြေခြင်းသည် လုံလောက်ကြောင်း တရုတ်လူ့အဖွဲ့အစည်းက ယုံကြည် ထားသည်။


အကြမ်းဖက်ခံရသူများသည် အကြောက်တရားနှင့် ခြိမ်းခြောက်ခံရမှုများကြောင့် အကြမ်းဖက်ခံရမှု အတိုင်းအတာကို လျှော့ပေါ့ပြောသဖြင့် အမှုထောင်ပေါင်းများစွာသည် ပယ်ချခံရသောကြောင့် ဖျန်ဖြေခြင်းသည် ထိရောက်မှုမရှိကြောင်း လေ့လာမှုများစွာက ပြသနေသည်ဟု The Diplomat က ဖော်ပြသည်။

တရုတ်နိုင်ငံ၏ အာဏာရတရုတ်ကွန်မြူနစ်ပါတီအတွက် အမျိုးသမီးများသည် အမျိုးသားများရရှိနိုင်သည့်  လူမှုဖူလုံရေး အကျိုးကျေးဇူးထက် နည်းပါးစွာရရှိသည်မှာကြာပြီဖြစ်ပြီး မိသားစုသဟဇာတဖြစ်မှုနှင့် လူမှုရေး (နိုင်ငံရေး) တည်ငြိမ်မှုကို ထိန်းသိမ်းရန် အာဏာရှင်အစိုးရအတွက် ကိရိယာတစ်ခုအဖြစ် အသုံးချခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly