ယူကရိန်း နျူကလီးယားစက်ရုံ အခြေအနေကြောင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ပြော 

ယူကရိန်း နျူကလီးယားစက်ရုံ အခြေအနေကြောင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ပြော 

ဩဂုတ် ၁၉

ယူကရိန်း ရှေ့တန်းတွင် လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပြီးနောက် ဥပရော၏ အကြီးဆုံး နျူကလီးယားစက်ရုံ၏ အနေအထားအတွက် အလွန်အမင်း စိုးရိမ်ပူပန်ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ဩဂုတ် ၁၈ ရက်တွင် ပြောသည်။ 

ယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်ပြီး မကြာမီမှာပင် ဇာပိုရေးရှား နျူလကီးယားစက်ရုံကို သိမ်းပိုက်ခဲ့သည့် ရုရှနိုင်ငံက ယင်း စက်ရုံကို ပိတ်ပစ်မည်ဟု ပြောဆိုထားကာ ယင်း လုပ်ဆောင်ချက်သည် နျူကလီးယား ဘေးအန္တရာယ်ကို ပို၍ မြင့်မားစေလိမ့်မည်ဟု ယူကရိန်းက ပြောထားသည်။ 

ယင်း စက်ရုံမှ စစ်လက်နက်ပစ္စည်များနှင့် စစ်သားများကို ရုပ်သိမ်းသင့်ကြောင်း ယူကရိန်း အနောက်ပိုင်း လိဗစ်မြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ဆွေးနွေးပြီးနောက်တွင် ဂူတာရပ်စ်က သတင်းထောက်များအား ပြောသည်။ 

“ဒီ စက်ရုံကို ဘယ်လို စစ်ဆင်ရေးမျိုးအတွက်မှ အသုံးမပြုသင့်ဘူး၊ အဲဒီအစား ဇာပိုရေးရှားစက်ရုံရဲ့ အရပ်ဘက်သုံး အခြေခံအဆောက်အအုံ ပြန်ဖြစ်လာဖို့နဲ့ ပတ်လည် ဧရိယာတစ်ခွင့် ဘေးအန္တရာယ် ကင်းစင်ရေးတို့အတွက် သဘောတူညီမှု ရဖို့ အားချင်း လိုအပ်တယ်”ဟု ၎င်းက ပြောသည်။ 

ရုရှ၏ သိမ်းပိုက်မှုအောက်၌ ယူကရိန်းအင်ဂျင်နီယာများနှင့် လည်ပတ်နေဆဲဖြစ်သည့် ယင်း စက်ရုံဝန်းကျင် စစ်မက်ကင်းစင်ရေးအတွက် နိုင်ငံတကာ၏ တောင်းဆိုချက်များကို ရုရှက အစောပိုင်း၌ “လက်သင့်ခံစရာ မရှိ” ဟု ပယ်ချထားသည်။ 

အဆိုပါ လျှပ်စစ်ဓာတ်အားပေး နျူကလီးယားစက်ရုံသည် ရေလှောင်ကန်ကြီးတစ်ခု၏ ရုရှထိန်းချုပ်သော တောင်ဘက်ခြမ်းတွင် တည်ရှိပြီး မြောက်ဘက်ခြမ်းမှာ ယူကရိန်းတပ်များ ထိန်းချုပ်ထားဆဲ ဖြစ်သည်။ မကြာသေးခင် ရက်များက ယင်း စက်ရုံ၌ လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်ပြီး နှစ်ဖက်စလုံးက တစ်ဖက်နှင့် တစ်ဖက် အပြစ်ဖို့ထားကြသည်။ 

ယူကရိန်း ထိန်းချုပ်သော မြို့များအား ရေလှောင်ကန်တစ်လျှောက်မှနေကာ တိုက်ခိုက်မှုများ လုပ်ဆောင်ရာ၌ ရုရှသည် ယင်း စက်ရုံကို ကာဒိုင်းသဖွယ် အသုံးချနေကြောင်း ယူကရိန်းက စွပ်စွဲထားပြီး ရုရှက ငြင်းဆန်သည်။ 

အဆိုပါ စက်ရုံသို့ နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ လာရောက်ရန် အကြိုသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး သဘောတူခဲ့ကြောင်း ဂူတာရပ်စ်နှင့် တွေ့ဆုံပြီးနောက်တွင် ဇယ်လန်စကီးက ပြောသည်။ 

“ရုရှအနေနဲ့ ဇာပိုရေးရှား နျူကလီးယားစက်ရုံ နယ်မြေကနေ ချက်ချင်း ချွင်းချက်မရှိ တပ်တွေ ရုပ်သိမ်းရမှာ ဖြစ်တယ်၊ ရန်စတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာမျိုးတွေ ချက်ချင်း ရပ်ရမယ်”ဟု ၎င်းက ပြောသည်။ 

ရုရှသည် “နျူကလီးယား ခြိမ်းခြောက်အကျပ်ကိုင်နေကြောင်း” အစောပိုင်း၌ ဇယ်လန်စကီးက စွပ်စွဲထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required