ထိုင်ဝမ်က ကိုယ်ပိုင်ကာကွယ်ရေးကိုမြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နှင့်တင်းမာမှုတွင် ကူညီသည့် အိန္ဒိယနှင့် အခြားနိုင်ငံများကို ကျေးဇူးတင်ဟု ပြော

ထိုင်ဝမ်က ကိုယ်ပိုင်ကာကွယ်ရေးကိုမြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နှင့်တင်းမာမှုတွင် ကူညီသည့် အိန္ဒိယနှင့် အခြားနိုင်ငံများကို ကျေးဇူးတင်ဟု ပြော

ထိုင်ဝမ်သည် စည်းမျဥ်းအခြေခံသော နိုင်ငံတကာ ညွှန်ကြားချက်များကို ပူးတွဲထိန်းသိမ်းရန်နှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် လုံခြုံရေးကို ကာကွယ်ရန် အိန္ဒိယအပါအဝင် စိတ်တူကိုယ်တူနိုင်ငံအားလုံးနှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရင်း ၎င်း၏ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင် သွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၄ ရက်က ပြောကြားလိုက်သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းသို့ လာရောက်လည်ပတ်အပြီး  တရုတ်က အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ ရှိနေချိန် တွင် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် မိတ်ဖွဲ့ကာ ဆက်ဆံရေးကို ထိန်းသိမ်းရန် အခွင့်အရေး ရှိကြောင်း ထိုင်ဝမ်အစိုးရက  ထုတ်ပြန်ထားသည်။  မကြာသေးမီက ထိုင်ဝမ်ကို ပစ်မှတ်ထားတိုက်ခိုက်သည့် တရုတ်၏ စစ်ရေးပုံစံအမျိုးမျိုးဖြင့် အရှိန်အဟုန်မြှင့်ခြင်းသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ၊ တင်းမာမှုတွေကို လျှော့ချဖို့၊ တစ်ဖက်သတ်လုပ်ဆောင်မှုတွေကို ရှောင်ရှားဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တောင်းဆိုကြတဲ့ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က အစိုးရအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုင်ဝမ်အစိုးရက စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
“အခြားနိုင်ငံတွေလိုပဲ အိန္ဒိယလည်း မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေအတွက် စိုးရိမ်တယ်။ ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ဖို့၊ လက်ရှိအနေအထားကို ပြောင်းလဲစေမယ့်လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ တင်းမာမှုတွေကို အရှိန်လျှော့ချဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး ကြိုးပမ်းမှုတွေကို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမမ်ဘာချီက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 ယခုသီတင်းပတ်အစောပိုင်းက  တရုတ်နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နှင့်ပတ်သက်ပြီး ၎င်း၏တောင်းဆိုချက်များကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပြီး “ထိုင်ဝမ်ပြဿနာနှင့် ခေတ်သစ်တွင် တရုတ်၏ပြန်လည်ပေါင်းစည်းရေး” ခေါင်းစဉ်ဖြင့် စက္ကူဖြူစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

စက္ကူဖြူစာတမ်းသည် အမျိုးသားပြန်လည်ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံ၏ သန္နိဋ္ဌာန်ကို ပြနေသည်ဟု တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက တရုတ်သည် ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိအနေအထားကို ပျက်စီးစေကြောင်းပြောဆိုလိုက်ပြီး တရုတ်စစ်ရေးလေ့ကျင့်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required