အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ပူးပေါင်းရန် တပ်မတော်နေ့ ဦးတည်ချက်အဖြစ် ဖေါ်ပြ

အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ပူးပေါင်းရန် တပ်မတော်နေ့ ဦးတည်ချက်အဖြစ် ဖေါ်ပြ

မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၇၁ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များကို တပ်မတော်ပိုင် သတင်းစာဖြစ်သော မြဝတီက ဖေါ်ပြရာတွင် တိုင်းပြည် ဖွံ့ဖြိုးရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်ရန် ဦးတည်ချက်တစ်ရပ်အဖြစ် ဖေါ်ပြသည်။

နိုင်ငံသည် တည်ငြိမ်အေးချမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် လိုအပ်ချက်အဖြစ် ဖေါ်ညွှန်းထားပြီး “နိုင်ငံတော်၏ ပကတိ လိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရရှိအောင် ဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ရေး” ဟူသည့် ဦးတည်ချက်ကို ဖေါ်ပြထားခြင်းဖြစ်သည်။

တပ်မတော်၏ ဦးတည်ချက်ဖြစ်သော ပူးပေါင်းဆောင်ရွက်မည်ဟူသည့် အဖွဲ့အစည်းနှစ်ရပ်တွင် အစိုးရနှင့် လွှတ်တော်တို့ ပါဝင်နေသည်ဖြစ်ရာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်အရ သမ္မတ နှစ်ဦးအပါအဝင် အစိုးရတစ်ရပ်နှင့် လွှတ်တော်တို့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းခွင့်ရရှိထားသည်။

အလားတူ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်၏ ဦးတည်ချက်ကို ဖေါ်ပြရာတွင် “တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပြီး ရေရှည် တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန် တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရေး” ဟု ဖေါ်ပြထားသည်။

တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန် ဦးတည်ထားပြီး အချုပ်အခြာအာဏာကို ကာကွယ်နိုင်မည့် စွမ်းရည်ထက်မြက်သည့် တပ်မတော် တည်ဆောက်ရန်လည်း ဦးတည်ထားသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၅ ခုနှစ်၏ တပ်မတော်နေ့ ဦးတည်ချက် အမှတ်စဉ် (၂) တွင် နိုင်ငံ၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုတွင် ပါဝင် ထမ်းဆောင်မည်ဟု ဖေါ်ပြထားခြင်းကြောင့် ၂၀၁၆ ခုနှစ် တပ်မတော်နေ့ ဦးတည်ချက်နှင့် အနည်းငယ် ကွဲပြားသွားသည်ကို တွေ့ရသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင်ထမ်းဆောင်ရေး” ဟု ၂၀၁၅ ခုနှစ်၏ တပ်မတော်နေ့ ဦးတည်ချက်တွင် ဖေါ်ပြသည်။

အလားတူ ၂၀၁၅ ခုနှစ် တပ်မတော်နေ့ ဦးတည်ချက် အမှတ် (၃) တွင် “ပြည်တွင်း၊ပြည်ပ အဖျက်သမားများ၏ အန္တရာယ်မှန်သမျှကို နိုင်ငံတော်စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအား တို့ဖြင့် ပူးပေါင်း ကာကွယ် တိုက်ဖျက်ရေး” ဟူသည့် အချက်လည်း ပါဝင်ခဲ့သည်။

ယခုနှစ်အတွက် တပ်မတော်နေ့ ကျင်းပရန် တတိယအကြိမ် ညိနှိုင်းအစည်းအဝေးကို ဖေဖေါ်ဝါရီ ၁၇ ရက်က တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံးတွင် ကျင်းပခဲ့သေးသည်။ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌအဖြစ် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် မောင်မောင်အေးက တာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly