ဒူးဒဏ်ရာရနေသည့် မန်ယူဂိုးသမား ဒီဂီယာဆေးစစ်မှုခံယူရမည်

ဒူးဒဏ်ရာရနေသည့် မန်ယူဂိုးသမား ဒီဂီယာဆေးစစ်မှုခံယူရမည်

ဖေဖော်ဝါရီ ၁၉၊ မန်ချက်စတာ ။                ။ မန်ယူဂိုးသမား ဒီဂီယာသည် မစ်ဂျီလန်ကိုရှုံးခဲ့သည့်ပွဲမတိုင်မီသွေးပူလေ့ကျင့်ခန်းဆင်းစဉ်ရရှိခဲ့သော ဒူးဒဏ်ရာကို ဆေးစစ်မှုခံယူရမည်ဖြစ်သည်။

စပိန်လက်ရွေးစင်ဂိုးသမားသည် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ပွဲထွက်ကစားသမားစာရင်းအတွင်းပါဝင်ခဲ့သော်လည်း ပွဲမတိုင်မီဒဏ်ရာရခဲ့သောကြောင့် အရန်ဂိုးသမား ရိုမီယိုက ဝင်ရောက်ကစားခဲ့ရသည်။

မန်ယူအသင်းခေါင်းဆောင်ရွန်နီ ဒူးဒဏ်ရာကြောင့်နှစ်လခန့်နားရနိုင်သည်ဟု သတင်းတက်လာပြီး တစ်ရက်အကြာတွင် ဒီဂီယာလည်း ဒဏ်ရာ ရသွားခဲ့ခြင်းဖြစ်သည်။

အရန်ဂိုးသမားတစ်ဦးဖြစ်သည့် ဆမ်ဂျွန်စတုန်းလည်း ဒဏ်ရာရနေရာ မန်ယူအသင်း၏ ကစားသမား ၁၈ ဦးစာရင်းတွင် ဂိုးသမားအဖြစ်ရိုမီယို တစ်ဦးတည်းသာ ရှိခဲ့သည်။

"သွေးပူလုပ်ရင်းဖြစ်သွားတာပါ။ စကင်ဖတ်စစ်ဆေးတာကိုစောင့်ရဦးမယ်။ ပြီးရင်တော့ ဒီထက်ပိုတိတိကျကျပြောနိုင်မှာပါ"ဟု ဗန်ဟားလ်က ပြောသည်။

အသင်းအတွက်အထူးလက်စွမ်းပြနေသည့် ဂိုးသမားဒီဂီယာဒဏ်ရာရသွားခြင်းမှာ မန်ယူအသင်းအတွက် သတင်းဆိုးတစ်ခုဖြစ်ခဲ့ရသည်။

မန်ယူအသင်း၏ဒဏ်ရာရကစားသမားစာရင်းမှာလည်း မြင့်တက်နေပြီး ဒါမီယန်၊ ဖီးလ်ဂျုံးစ်၊ ရိုဟို၊ လုခ်ရှော၊ ဖယ်လိုင်နီ၊ ရှဝိန်းစတိုင်ဂါ၊ ဗလင်စီယာနှင့် ဂျာနူဇက်တို့ ပါဝင်နေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly