အညတရသူရဲကောင်းတို့ နောက်ဆုံးမှေးစက်ရာ သမိုင်းဝင် ဟင်္သာတအာဇာနည်ဗိမာန်

အညတရသူရဲကောင်းတို့ နောက်ဆုံးမှေးစက်ရာ သမိုင်းဝင် ဟင်္သာတအာဇာနည်ဗိမာန်

(အပိုင်း - ၁)

ဟင်္သာတမြို့၏ အာဇာနည်ဗိမာန်သမိုင်းကြောင်းကို လူငယ်များပင် မဆိုထားဘိ။ လူလတ်ပိုင်းများပင် သိသူရှားလှသည်။ ပျောက်ကွယ်နေသော သမိုင်းကြောင်းကို အများသူငှာ သိရှိခွင့်ရစေရန် ပြန်လည်ဖော်ထုတ်ရန်အလို့ငှာ သိမှီသူများအား မေးမြန်း၍ အကျဉ်းချုပ်၍ ရေးသားရခြင်းဖြစ်ပါသည်။

သမိုင်းကြောင်းအကျယ်အား အဆွေတော်အဖွဲ့မှ ဖြန့်ချိသည့် သတင်းစာဆရာ ဦးသိန်းထွန်း(ဘီဂျီအေ) ရေးသားသော ဟင်္သာတအာဇာနည်ဗိမာန် မှတ်တမ်းစာအုပ်တွင် ဖတ်ရှူလေ့လာနိုင်ပါသည်။

မြန်မာနိုင်ငံတွင် အောက်လင်းဓါတ်မီးပုံအာဇာနည်ဗိမာန်ဟူ၍ ရန်ကုန်မြို့လွှတ်တော်ဟောင်းရှေ့တွင် တစ်ခု၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ဟင်္သာတမြို့တို့တွင် တစ်ခုစီ၊ သုံးခုသာ ရှိသည်။ သို့သော် ထူးခြားသည်မှာ ရန်ကုန်နှင့် တောင်ကြီးရှိ အာဇာနည်ဗိမာန်များသည် တိုင်ခုနှစ်တိုင်ကို အပေါ်မှ အမိုးမိုးထားခြင်းသာဖြစ်ပြီး၊ ဟင်္သာတမြို့ရှိ အာဇာနည်ဗိမာန်မှာမူ အောက်ခြေအုတ်ခုံ၌ အဆင့်ငယ်များ ပါရှိသည်။ ဟင်္သာတအာဇာနည်ဗိမာန်၌ ထူးခြားစွာ အဆင့်ငယ်များ ပါရှိရခြင်းမှာ ဖက်စစ်ဂျပန်များလက်တွင်း၌ အသက်စတေးသွားသူများ၏ အရိုးစုပုံးများအားထည့်၍ ပြုလုပ်ထားသောကြောင့် ဖြစ်သည်။

၁၉၄၅ ခု၊ ဧပြီလ ၁ ရက်နေ့၏ နေ့လည်ခင်းအချိန်တွင်ဖြစ်သည်။ ဂျပန်စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ဟာနီးယား ၏ကားသည် ဓနုဖြူမှ ဟင်္သာတသို့ မောင်းနှင်လာသည်။ အထောင်ရွာအနီးသို့ရောက်သော် နယ်ခံတော်လှန်ရေးပျောက်ကျားများက ဗိုလ်ချုပ်ဟာနီယား ကားနှင့် အစောင့်ကားများကို ပစ်ခတ်တိုက်ခိုက်တော့၏။ ဂျပန်စစ်သားအစောင့်များ ဒဏ်ရာရသော် လည်း ဗိုလ်ချုပ်ဟာနီယား လွတ်မြောက် သွားပြီး ဟင်္သာတသို့စက်ကုန်ဖွင့် မောင်းလာတော့သည်။

ထို့နောက် အထောင်နယ်ဖက်သို့ ဂျပန်များ အလုံးအရင်းနှင့် တောနင်းရှာဖွေသော်လည်း ချောင်းတစ်ဖက်ကမ်းရှိ မဲဇလီ၌ ရှိသော ပျောက်ကျားတပ်များကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ဟင်္သာတနယ်ခံ နိုင်ငံရေးသမားများနှင့် အာရှလူငယ် ခေါင်းဆောင်များကို နေရှင်နယ်ကျောင်း (ယခု အလက-၁) သို့ဖမ်းဆီးခေါ်ဆောင်ပြီး ညှင်းပမ်းနှိပ်စက်တော့သည်။

အာရှလူငယ်အစည်းအရုံးဆိုသည်မှာ ဂျပန်များက ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများမှ လူငယ်လူရွယ်များအား စည်းရုံးသိမ်းသွင်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဂျပန်ခေတ်က အာရှလူငယ်ရင်ထိုး တပ်ဆင်ထားသော လူငယ်များအား အထူးအခွင့်အရေး ပေးခဲ့သည်။ အစည်းအရုံး၏ ခေါင်းဆောင်များမှာမူ မြန်မာများသာဖြစ်ပြီး သခင်များ၊ ခေတ်ပညာတတ်များ၊ သူကြွယ်များ၏ သားသမီးများသာ အဖွဲ့ဝင်ဖြစ်ကြသည်။

၁၉၄၄ နှစ်ဆန်းပိုင်းမှ စတင်၍ မြေအောက်တော်လှန်ရေးအဖွဲ့များတွင် အာရှလူငယ်အစည်းအရုံးဝင်များလည်း ပါဝင်လာသည်ကို တွေ့ရသည်။ ထိုစဉ်က မြေအောက်တော်လှန်ရေး ပျောက်ကျား စခန်း များတွင် ယုန်သလင်း၊ တလုတ္ထော် ၊ အထောင်၊ လေးမျက်နှာ ဟူ၍ ခွဲခြားထားပြီး အင်အားအကောင်းဖြစ်သော ယုန်သလင်းအား ချန်လှပ်၍ တလုတ္ထော်မှ ပျောက်ကျားရဲဘော် ၄၁ ဦးနှင့် နယ် ၇ နယ် မှ ပျောက်ကျားရဲဘော်များအား ဖမ်းဆီးပြီး နေရှင်နယ်ကျောင်းတွင် ပြင်းထန်စွာ ညှင်းပမ်းနှိပ်စက်မေးမြန်းခဲ့ကြသည်။ ဟင်္သာတ ဦးမြနှင့် မြိုမိမြို့ဖများ၏ ကြိုးပမ်းမှုကြောင့် အချို့ကို ပြန်လွှတ်ပေးခဲ့သော် လည်း အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ ဖက်စစ်ဂျပန်တို့အားတော်လှန်နေကြပြီဖြစ်၍ ဆုတ်ခွာရမည်ဖြစ်သည့်အတွက် ၎င်းတို့ဖမ်းဆီးထားသူများအား သုတ်သင်ရန် စီစဉ်သည်။

၁၉၄၅ ခု၊ ဧပြီလ ၈ရက်နေ့ နံနက် ၁၀ နာရီမှစ၍ တော်လှန်ရေးရဲဘော်များအား လက်ပြန်ကြိုးတုတ်၍ နေရှင်နယ်ကျောင်းမှ ဟင်္သာတမြို့ အပြင်ဘက်ရှိ ကံလှ ၊ပုဂံကျောင်း သုဿန်သို့ အသုတ်ခွဲ၍ ခြေလျှင်ခရီးဖြင့်သာ ခေါ်ဆောင်သွားသည်။ ထို့နောက် မော်တော်ကားလမ်း တစ်ဖက်တစ်ချက်တွင် ပန်းပဲဖိုများသာရှိပြီး လူနေကျဲပါးသော ဦးအောင်မြတ်ကျော် ဘုရားရှေ့မှ မြေလမ်း အတိုင်း ခေါ်ဆောင်သွားပြီးနောက် အလုံကျောင်းအနီး ဂျပန်စစ်စခန်း၌ ထပ်မံစစ်ဆေးပြီး အသင့်တူးထားသော ကျင်းရှည်ကြီးများရှိရာ ပုဂံကျောင်းသုဿန်သို့ ခေါ်ဆောင်သွားသည်။ ထိုနေ့ညနေ ၃ နာရီတွင် တော်လှန်ရေးရဲဘော်တစ်ဦးချင်းစီအား လက်ပြန်ကြိုးတုတ် မျက်လုံး၌ အဝတ်စစီးစေပြီး ကျင်းနှုတ်ခမ်း၌ ဒူးထောက်စေကာ ဂျပန်ဗိုလ်များနှင့် တပ်ကြပ်အဆင့်ရှိသူများမှ ဂျပန်ဓားရှည်များဖြင့် တော်လှန်ရေး ရဲဘော်များ၏ လည်ကုတ်အား ပိုင်းဖြတ် သတ်ဖြတ်လိုက်ကြသည်။

ဖက်စစ်ဂျပန်တို့၏ လက်ချက်ကြောင့် အသတ်ခံခဲ့ရသည့် အာရှလူငယ်အစည်းအရုံးဝင် ရဲဘော် ၃၁ ဦး၏ အမည်များမှာ ဟင်္သာတနယ်မှ ဦးသိန်းညွန့်(ဗိုလ်ဘသိန်းလမ်း ဦးစံရွှေ၏သား) (အာရှလူငယ် အစည်းအရုံး ခေါင်းဆောင်) ၊ ကိုလှိုင်ဦး (အတွင်းရေးမှူး အာရှလူငယ်အစည်းအရုံး)၊ ကိုအုန်းမောင်၊ ကိုရောက်တက် (ဇာတိမုံရွာ၊ ဟင်္သာတရွှေပြောင်ပြောင်)၊ ကိုသန်း၊ ကိုလှသွင် (အရေးပိုင်ဦးလှ၏ သား)၊ ကိုမောင်မြ၊ တလုတ္ထော်နယ်မှ ကိုသန်း၊ ကိုကြည်မောင်၊ ကိုအောင်မြင့်၊ ကိုမောင်ချစ် (ခ) ကိုချစ်တီး၊ ကိုမောင်ညွန့်၊ ကိုကျင်ရ (ခ) ကိုဇေယျ၊ ကိုသိန်းဟန်၊ ကိုထူး၊ ကိုဘတင်၊ ကိုဘအုန်း၊ ကိုဖိုးဟန်၊ လေးမျက်နှာနယ်မှ ကိုကျော်ဝင်း၊ ကိုလူမော် (ဌာနအုပ်)၊ ဆင်မသေရွာမှ ကိုဒပ်၊ ကိုကျော်သန်း၊ သင်္ဃန်းတောမှ ကိုပီး၊ ဖက်ရဲရွာမှ ကိုရောင်၊ ကြက်ပြေးသူကြီး ကိုဘရင်၊ ကိုရန်ရှင်း၊ ကိုအေးမောင်၊ ကိုရှုမွန်၊ ကိုမြတ်ဆုံ၊ ကိုမောင်ချစ်၊ ကိုဖိုးကွန်းတို့ဖြစ်ကြပါသည်။

မှီငြမ်းကိုးကား -

၁။ သတင်းစာဆရာ ဦးသိန်းထွန်း (ဘီဂျေအေ) ၏ ဟင်္သာတမြို့ အာဇာနည်ဗိမာန်မှတ်တမ်း (၁၉၈၉ ဇူလိုင် ) မှ ကောက်နှုတ်ဖော်ပြချက်
၂။ ဟင်္သာတအာဇာနည်ဗိမာန်သမိုင်း စုဆောင်းထားရှိသူ အသက်၉၀အရွယ်ရှိ မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးကြီးခ၏ ပြန်လည်ပြောပြချက်နှင့် မှတ်တမ်းမှတ်ရာများ
၃။ ဟင်္သာတဦးမြ၏ မြေးသမက်တော်စပ်သူ ဦးမြင့်စိန်နှင့် အင်တာဗျူး
၄။ ဟင်္သာတမြို့၏ ရှေ့မီနောက်မီ မြိုမိမြို့ဖလူကြီးများ၏ ပြန်လည်ပြောပြချက်

အဆွေတော်အဖွဲ့မှ ဖြန့်ဝေ သော သတင်းစာဆရာ ဦးသိန်းထွန်း(ဘီဂျီအေ) ရေးသားသည့် ဟင်္သာတအာဇာနည်ဗိမာန် မှတ်တမ်းစာအုပ်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly