“သွားကာနီးတာတောင် တိုက်ရာပါပစ္စည်းကို ဝေစုခွဲဖို့ ကြိုးစားတုန်း”

“သွားကာနီးတာတောင် တိုက်ရာပါပစ္စည်းကို ဝေစုခွဲဖို့ ကြိုးစားတုန်း”

အခုရက်ပိုင်း မွန်ပြည်နယ် မော်လမြိုင်မြို့က ထွက်လာတဲ့ သတင်းတစ်ပုဒ်ထဲမှာ ထူးခြားမှုတွေ တွေ့ရပါတယ်။ သတင်းကတော့ ရိုးရိုးသတင်းတစ်ပုဒ်ပါ။ ဖမ်းဆီးရမိထားတဲ့ Without လို့ခေါ်တဲ့ လိုင်စင်မဲ့ကားတွေကို လေလံတင် ရောင်းချမယ်ဆိုပြီး လုပ်ထားတဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်တဲ့ သတင်းပါ။ တကယ် စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီသတင်းနဲ့ ဆက်စပ်ပြီး ထွက်ပေါ်လာတဲ့ သက်တန်းကုန်တော့မယ့် ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ပြန်အရွေးမခံရတော့တဲ့ အရင်ပြည်နယ် အမတ်ဟောင်းတွေ ကိုယ်ကျိုးရှာကြဖို့ ကြံစည်ကြတဲ့ အကြောင်းပါ။ ဘယ်လို ကိုယ်ကျိုး လုပ်ကြမှာလဲ၊ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အာဏာပိုင်တွေ အရင်ကရော ဘယ်လို ကိုယ်ကျိုးတွေ လုပ်ခဲ့ ကြသလဲ၊ တကယ် အဲလို ဖြစ်သင့်ရဲ့လားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေကို ပြန်ပြီး လေလံတင် ရောင်းချတယ်ဆိုတာ သိပ်ပြီးတော့ ဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အရင်တုန်းကလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖမ်းမိတဲ့ ကားတိုင်းကို လေလံပစ် ရောင်းချလိုက်သလား၊ အခြား ဘယ်နေရာတွေမှာ အသုံးပြုသေးလဲ၊ အာဏာပိုင်တွေ ကိုယ်ကျိုးရှာသေးလား ဆိုတာကတော့ သိပ်မသိကြရပါဘူး။ အခု မော်လမြိုင်မြို့မှာကတော့ ဖမ်းဆီး သိမ်းဆည်းထားတဲ့ လိုင်စင်မဲ့ကား ၁၇၅ စီးရှိတယ်လို့ ဆိုပါတယ်။ ဒီအထဲက အစီး ၂၀ ဟာ ပြန်ပြီး မှတ်ပုံတင် အသုံးပြုလို့ မရနိုင်တာကြောင့် အရည်ကျိုမယ့် ကားတွေ အဖြစ် သတ်မှတ်ပါတယ်။ ကျန် ၁၅၅ စီးထဲကမှ ၁၁၇ စီးကို လေလံပစ်ပြီး ရောင်းချမယ် ဆိုတာကြောင့် လေလံဆွဲမယ့်သူတွေ လျောက်လွှာ တစ်စောင် ကျပ် ၅၀၀၀ နဲ့ဝယ်၊ စရံအဖြစ် ဘဏ်မှာ ငွေကျပ်သိန်း ၂၀ သွင်းပြီးမှ လေလံဆွဲဖို့ လုပ်ထားတာပါ။

အခု ပြောမှာက အဲဒီလေလံ အကြောင်း မဟုတ်ပါဘူး။ အဲဒီ ဖမ်းဆီးရမိထားတဲ့ ကားတွေထဲက ၃၈ စီးကို မွန်ပြည်နယ် ဝန်ကြီး တွေနဲ့ မွန်ပြည်နယ်လွှတ်တော် အမတ်ဟောင်းတွေကို ချီးမြှင့်မယ်ဆိုတဲ့ ကိစ္စပါ။ မွန်ပြည်နယ်မှာ ပြည်နယ်အဆင့် အမတ် ၂၀ ကျော်ရှိတာမို့ ကျန်တာတွေက ပြည်နယ် အစိုးရ ဝန်ကြီးတွေနဲ့ တစ်ချို့ လူပုဂ္ဂိုလ်တွေကို ကားတွေပေးဖို့ ဖြစ်နိုင်ပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့ဟာ ဖမ်းဆီးရမိ ပစ္စည်းတွေကို ဓားပြတိုက်လို့ ရထားတဲ့ တိုက်ရာပါ ပစ္စည်းတွေလို သဘောထားပြီး ကိုယ့်ဖာသာကိုယ် ခွဲဝေယူလို့ ရသလားဆိုတဲ့ မေးခွန်းမျိုး မေးစရာ ရှိလာပါတယ်။

တကယ်တော့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ ဘာလုပ်တယ်၊ ကိုယ်ကျိုး ဘယ်လို ရှာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ နည်းပါတယ်။ အကြောင်းကတော့ ဘာ သတင်းအချက်အ လက်မှ သိပ်မထုတ်ပြန်လို့ ဖြစ်ပါတယ်။ နည်းနည်းပါးပါး ထွက်လာတဲ့ သတင်းအချက်တွေမှာတော့ ကိုယ်ကျိုးလုပ်ကြတာ အနည်းအပါး သိရပါတယ်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိုရင် အမတ်တွေကို မြေကွက်တွေ ေ၀ ပေးပါတယ်။ ပြန်ရောင်းစားကြပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် လည်း ခုလိုပဲ လိုင်စင်မဲ့ကားတွေကို မှတ်ပုံတင်ပြီး ဝန်ကြီးတွေကိုပေးဖို့ စီစဉ်သေးတယ်လို့ ဆိုပါတယ်။ အခြားသော ကိုယ်ကျိုးယူတာ အတော်များများလည်း ရှိနိုင်ပါတယ်။ သိပ်မကြာခင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတွေ တက်လာရင် အဲဒီ သတင်းအချက်တွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာမှာပါ။

အင်န်အယ်လ်ဒီ ဝင်မပြိုင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးနဲ့အပြိုင် ရွေးကောက်ပွဲ ဝင် အနိုင်ရခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းက အမတ်တစ်ချို့ဟာ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေမှာ ဝန်ကြီး နေရာ နည်းနည်းပါးပါး ရခဲ့ကြပါတယ်။ သေခြာတာကတော့ ၅ နှစ်တာကာလအကြာ ခုချိန်မှာ အဲဒီ အချိန်က ပြည်နယ်နဲ့တိုင်း ဝန်ကြီးတွေဟာ ၂၀၁၀ တုန်းက သူတို့ ပိုင်ဆိုင်မှုထက် ပစ္စည်းဥစ္စာတွေ တိုးပွားလာတယ် ဆိုတာပါပဲ။ အဲလို ကိုယ်ကျိုးစီးပွားရခဲ့၊ ရှိခဲ့ကြလို့လည်း ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် မူလ တိုင်းရင်းသားပါတီတွေနဲ့ မပူးနိုင်၊ မပေါင်းနိုင် ဖြစ်ခဲ့ကြတာပါ။ အခု မွန်ပြည်နယ် အစိုးရနဲ့ လွှတ်တော်ဟောင်းရဲ့ အခြေအနေကိုကြည့်ရင် အာဏာစွန့်လွှတ်ရတော့မယ့် အချိန်မှာ တောင် ကပ်ပြီး ကိုယ်ကျိုးစီးပွားရှာဖို့ လုပ်နေတာ တွေ့နိုင်ပါတယ်။

အခု အဲဒီ ကားလေလံဆွဲမယ့် ကိစ္စကို အမျိုသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စု ဝန်ကြီးဌာ က တားမြစ်လိုက်ပါပြီ။ ဝန်ကြီးဌာန ညွှန်ကြားချက်ထဲမှာ ကားတွေအားလုံး သူတို့ကို အပ်ပါ။ သူတို့ လက်ထဲကမှတဆင့် မွန်ပြည်နယ်ထဲက အမှန်တကယ် လိုအပ်တဲ့ ဌာနတွေကို မျှမျှတတ ပြန်ဝေသွားမယ်ဆိုပြီး ဖော်ပြထားတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ကား လေလံ လုပ်တာနဲ့ ကား ၃၈ စီးကို သက်တန်းကုန်တော့မယ့် မွန်ပြည်နယ် အစိုးရ ဝန်ကြီးတွေနဲ့ သက်တန်း ကုန်ပြီးသား လွှတ်တော် အမတ်ဟောင်းတွေကို ပေးမယ့်ကိစ္စ တားမြစ်လိုက်တဲ့ သဘောပါပဲ။

တိုက်ရာပါလို့ ပြောနိုင်တဲ့ အဲဒီ ဖမ်းဆီး Without ကားတွေကို စီမံ၊ စီးပွား ဝန်ကြီးဌာနကပဲ ဌာန ဆိုင်ရာ အားလုံးအတွက် ဝေစုခွဲပေးမယ် ဆိုတဲ့သဘော သွားသက်ရောက်ပါတယ်။ ဒီလိုလုပ်ရပ်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ မဆလခေတ်နဲ့ စစ်အုပ်ချုပ်ရေး ကာလတွေတုန်းက ဖြစ်ခဲ့၊ ပျက်ခဲ့ပြီးပါပြီ။ ဖမ်းဆီးရမိ ကုန်ပစ္စည်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကပဲ သူတို့ သဘောကျ ခွဲဝေ ရယူကြ တာပါ။ ဒီလို ခွဲဝေရယူတာဟာ ဘောင်ဝင်သလို လုပ်ခဲ့ကိုင်ခဲ့ကြတာ ဖြစ်လေတော့ တစ်ဖက်မှာ တရားမဝင် ဖမ်းဆီးတာကို ဓားပြတိုက်တာလိုမျိုး ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်တာမျိုးတွေ ဖြစ်ခဲ့ဖူး ပါတယ်။

အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ ဓားပြဂိုဏ်းတွေရဲ့ လုပ်ရပ်နဲ့ ခပ်ဆင်ဆင်တူခဲ့တဲ့ သာဓကပါ။ တကယ်တော့ တရားမဝင် ပစ္စည်းဖမ်းဆီးတာ၊ မြေကွက်တွေ ဖော်ထုတ်တာ၊ အစိုးရငွေနဲ့ အဆောက်အဦး သစ်တွေ ဆောက်လုပ်တာမျိုးတွေဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ အညီပဲ ဖြစ်သင့် ပြီး အာဏာပိုင်တွေ၊ လွှတ်တော် အမတ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးနဲ့ ဆက်စပ်တာမျိုးကတော့ လုံး၀ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဝန်ထမ်းတွေ၊ အမတ်တွေ အားလုံးဟာ တစ်ပြေးညီ ခံစားခွင့် တပြေးညီ အခွင့်အ ရေးတွေပဲ ရသင့်ပါတယ်။ အခွန်ဌာနဟာ ဌာန ဝင်ငွေကောင်းလို့ ဝန်ထမ်းအိမ်ယာဆောက်၊ သူ့ ဝန်ထမ်းသူ နေရာချပေးဆိုတာမျိုး လုပ်တာဟာ ဝင်ငွေမရှိတဲ့ ပညာရေး ဌာနက ဝန်ထမ်းတွေ အတွက်ကတော့ တရားမျှတမှု မရှိပါဘူး။ ဒီလို တစ်ဌာနပုံစံ တစ်မျိုးကွဲတာတွေဟာ အရင်ခေတ်ဆိုး စနစ်ဆိုးက ထားရစ်ခဲ့တဲ့ အမွေတွေပါ။ ပြည်သူပိုင်ကို ကိုယ်ပိုင်သဖွယ် သဘောထားရာကနေ ပေါ်ပေါက်လာတဲ့ လုပ်နည်းကိုင်နည်းတွေပါ။ အခု မော်လမြိုင်မှာ ဖမ်းဆီးရမိ ကားတွေကို ပြည်နယ် ဝန်ကြီးတွေနဲ့ အမတ်ဟောင်းတွေ ဝေစုခွဲ ရယူဖို့ လုပ်နေကြတာတွေဟာ အလွန်ရှက်စရာကောင်း သလို၊ အင်န်အယ်လ်ဒီ အစိုးရ တက်လာရင် အရင် မတော်မတရား ကိုယ်ကျိုးစီးပွား ရှာစားထားတာ တွေကိုပါ ပြန်ဖော်ထုတ် သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly