အာဖဂန်တောင်ပိုင်းတွင် အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုကာ လူ ၃ ဦးကို တာလီဘန်တို့က လူပုံအလယ် ကြိမ်ဒဏ်ပေး

အာဖဂန်တောင်ပိုင်းတွင် အိမ်ထောင်ရေးဖောက်ပြန်သည်ဟုဆိုကာ လူ ၃ ဦးကို တာလီဘန်တို့က လူပုံအလယ် ကြိမ်ဒဏ်ပေး

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် “အိမ်ထောင်ရေးဖောက်ပြန်သည်” ဟုဆိုပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို တာလီဘန်အဖွဲ့ဝင်များက လူအများရှေ့တွင် ကြိမ်ဒဏ်ပေးပြီး အရှက်ရအောင်လုပ်ခဲ့သည်ဟု မီဒီယာသတင်းများက ဖော်ပြသည်။

ထို့ပြင် အဆိုပါ စွပ်စွဲခံရသူ သုံးဦးစလုံးသည် အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခံရကြောင်း ဇာဘူလ်ပြည်နယ်မှ တာလီဘန်အရာရှိတစ်ဦးကို ကိုးကားပြီး အာဖဂန် သတင်းအေဂျင်စီ Khaama Press က ဖော်ပြသည်။

အစောပိုင်းက တာလီဘန်တို့သည် အဆိုပါ လူသုံးဦးကို အိမ်ထောင်ရေး ဖောက်ပြန်မှု ပြစ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီးမှ ၎င်းတို့ကို လူမြင်ကွင်းရှေ့ ကြိမ်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်သည် သီးခြားဖြစ်သော ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပေ။ အစောပိုင်းက တာလီဘန်တို့သည် နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ကာမေသုမိစ္ဆာမှု လွန်ကျူးမှုနှင့် ခိုးမှုတို့ဖြင့် စွပ်စွဲခံရသူများကို ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်လခန့်က ဖြစ်ပွားခဲ့သော အလားတူဖြစ်စဉ်တစ်ခုတွင် ကန်ဒါဟာပြည်နယ်မှ လူသုံးဦးကို အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ခိုးမှုတို့ ကျူးလွန်သည်ဟု ဆိုပြီး ကြိမ်ဒဏ် ၃၉ ချက် ရိုက်နှက်ဒဏ်ပေးခဲ့သည်။

အာဖဂန်နစ္စတန်၏ တရားစီရင်ရေး စနစ်နှင့်ပတ်သက်ပြီး တာလီဘန်တို့ လုပ်ဆောင်သော ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်တစ်ခုအနေဖြင့် ဤကဲ့သို့ ဖြစ်စဉ်များကို မလွဲမရှောင်သာ ကြုံရလိမ့်မည် ဖြစ်ကြောင်း အာဖဂန် ဥပဒေပညာရှင်တစ်ဦးက လူအများရှေ့ ကွပ်မျက်မှုများ၊ ကြိမ်ဒဏ်ပေးမှုများနှင့်ပတ်သက်ပြီး ၎င်း၏ ထင်မြင်ချက်ကို ဝေမျှသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly