အယ်လ်ကိုင်ဒါ ခေါင်းဆောင် သုတ်သင်ခံရပြီးနောက် ပါကစ္စတန်က ခိုလှုံခွင့်ပေးထားသော အကြမ်းဖက်သမားများ နှိမ်နင်းခံရမည်ကို စိုးရိမ်နေ

အယ်လ်ကိုင်ဒါ ခေါင်းဆောင် သုတ်သင်ခံရပြီးနောက် ပါကစ္စတန်က ခိုလှုံခွင့်ပေးထားသော အကြမ်းဖက်သမားများ နှိမ်နင်းခံရမည်ကို စိုးရိမ်နေ

ပါကစ္စတန်အာဏာပိုင်တို့သည် အာဖဂန်နစ္စတန်၌ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမန်-အယ်လ် ဇာဝါဟီရီ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသည့် ဖြစ်စဉ်အပေါ် သတိဖြင့် တုံ့ပြန်လျက် ရှိသည်။ ဇာဝါဟီရီ သုတ်သင်ခံရပြီးနောက် သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ပါကစ္စတန်အစိုးရဘက်က ရည်ညွှန်း ပြောဆိုခဲ့ခြင်းကို ကြည့်မည်ဆိုပါက ပါကစ္စတန်အာဏာပိုင်တို့သည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှု ခေါင်းစဉ်အောက်တွင် ယင်းကဲ့သို့ စစ်ဆင်ရေးများကို သွယ်ဝိုက် ဆန့်ကျင်ကြောင်းကို ပြသ နေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

အယ်လ်ကိုင်ဒါ ခေါင်းဆောင် အယ်လ် ဇာဝါဟီရီကို ဒရုန်းတိုက်ခိုက်မှုဖြင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ် ၁ ရက်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇာဝါဟီရီသည် ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်သမားတစ်ဦး ဖြစ်သလို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုများ၏ ကြိုးကိုင်သူတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ဇူလိုင် ၃၀ ရက်တွင် အာဖဂန်မြို့တော် ကဘူးလ်၌ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့သည်။

အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းရန် ပါကစ္စတန်လေပိုင်နက်ကို အသုံးပြုခဲ့ခြင်း ရှိ၊မရှိနှင့် အမေရိကန်-ပါကစ္စတန်အကြား ထောက်လှမ်းရေးသတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရှိ၊မရှိတို့ကို ဩဂုတ် ၄ ရက်က ပြုလုပ်သော အပတ်စဉ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပါကစ္စတန်နို င်ငံခြားရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ အာဆင်မ် အစ်ဖ်တီခါကိုက ငြင်းဆိုခဲ့ကြောင်း The Express Tribune က ဖော်ပြသည်။

“ပါကစ္စတန်လေပိုင်နက်ကို သုံးပြီး ဒီလုပ်ဆောင်ချက်ကို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အထောက်အထားသက်သေ မရှိပါဘူး။ ဒါကြောင့် ဒါနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု အာဆင်မ် အစ်ဖ်တီခါက ပြောသည်။

ထို့ပြင် ပါကစ္စတန်အနေဖြင့် ယင်းကဲ့သို့သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ဆင်ရေးများကို ထောက်ခံသလားဟု မေးမြန်းသည့် မေးခွန်းတစ်ခုကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ အစ်ဖ်တီခါက “ပါကစ္စတန်အနေနဲ့ကတော့ နိုင်ငံတကာ ဥပဒေနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့အညီ အကြမ်းဖက်မှုကို တန်ပြန်တိုက်ဖျက်တဲ့အပေါ် အခိုင်အမာ ရပ်တည်ပါတယ်” ဟု ဖြေကြားသွားခဲ့သည်။

“ဒီ ကုလဆုံးဖြတ်ချက်တွေအောက်မှာ နိုင်ငံတကာ တာဝန်ဝတ္တရားအမျိုးမျိုး ရှိပါတယ်။ အယ်လ်ကိုင်ဒါနဲ့ ပတ်သက်လို့ အဲဒါက အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တယ်ဆိုတာ ရှင်းလင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါက ကုလ လုံခြုံရေးကောင်စီ ဒဏ်ခတ်ပိတ်ဆို့မှု စနစ်အောက်မှာ စာရင်းသွင်းခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံတွေ အနေနဲ့ ကုလ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရား အောက်မှာ ရှိပါတယ်” ဟု ၎င်းက ပါကစ္စတန်၏ သဘောထားကို ထုတ်ဖော်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly