တရုတ်၏ အစွန်းရောက် အမျိုးသားရေးဝါဒက အမှန်တရားကို မမြင်ဘဲ ပြဿနာများကို ပေါ်ပေါက်လာစေနိုင်

တရုတ်၏ အစွန်းရောက် အမျိုးသားရေးဝါဒက အမှန်တရားကို မမြင်ဘဲ ပြဿနာများကို ပေါ်ပေါက်လာစေနိုင်

တရုတ်သည် အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်ကောင်းမွန်နေကြောင်း သမ္မတရှီကျင့်ဖျင် အစိုးရက ကြိမ်ဖန်များစွာ ပြောဆိုနေခြင်းအပါအဝင် တရုတ်၏ အစွန်းရောက် အမျိုးသားရေးဝါဒက အမှန်တရားကို မမြင်စေဘဲ ပြဿနာများကို ဖြစ်လာစေနိုင်သည်။ 

ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ယင်းအခြေအနေကို တုံ့ပြန်သည့်အခါ အမျိုးသားရေး စိတ်ခံစားချက်များ ပါဝင်နေသည်သာမက စီးပွားရေးအရ ထိခိုက်မှုများနှင့် အမေရိကန်သံတမန်ဆက်ဆံရေး ကျဆင်းနေခြင်းကို ရောနှောပါဝင်သည့် အခြေအနေဖြစ်သည်။ 

‌အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ မကြာသေးမီက လာရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ ဖြေရှင်းကိုင်တွယ်ရမည့် နည်းလမ်းနှင့် ပတ်သက်၍ သမ္မတရှီအတွက် အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။ ၂၀ ကြိမ်မြောက် ပါတီကွန်ဂရက် တစ်ဖြည်းဖြည်း နီးလာချိန်တွင် သမ္မတရှီအတွက် နိုင်ငံရေးအရ အကဲဆတ်သည့် ကာလတစ်ခုသို့ ရောက်ရှိလာသည်။ 

ရှီကျင့်ဖျင်အနေဖြင့် သူ့လူများ ယုံကြည်ချက်ရှိစေရန် စည်းရုံးစွဲဆောင်နေရသလို တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဆင့်သို့ရောက်ရှိလာမည်ဟု လူငယ်မျိုးဆက်သစ်များကို ပြောနေရကြောင်း  ဆောင်းပါးရှင်လီယွမ်က The New York Times တွင် ရေးသားခဲ့သည်။ 

အရှေ့နိုင်ငံများသည် တိုးတက်နေပြီး အနောက်နိုင်ငံများသည် ကျဆင်းနေသည်ဟု ပြောဆိုကာ သူ့လူများအနေဖြင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေးစနစ်နှင့် အနာဂါတ်တွင် အင်အားကြီး နိုင်ငံအဖြစ် ဂုဏ်ယူကြရန် ရှီက ပြောဆိုထားသည်။ ယင်းသို့ ပြောဆိုခြင်းသည် ထင်ယောင်ထင်မှားသာ  ဖြစ်ကြောင်း လီက ရေးသားထားသည်။ အဆိုပါ ပြင်းထန်သည့် ယုံကြည်ချက်များသည် တရုတ်၏ ကြီးမြတ်မှုကို လိုလားတောင့်တသူ အစွန်းရောက် အမျိုးသားရေးဝါဒီများအတွက် တွန်းအားပေးမှုတစ်ရပ်လည်း ဖြစ်စေခဲ့သည်။ ၎င်းတို့က ထိုင်ဝမ်ကို စစ်ခင်းရန် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလို ထိုင်ဝမ်သို့ ရောက်ရှိပြီးနောက်  တိုက်တွန်းလျက်ရှိကြသည်။

အမေရိကန်နှင့် တရုတ်တို့၏ ယခုကိစ္စ၌ အားပြိုင်မှုတွင် ယုံကြည်မှု လွန်ကဲသည့် သဘောသဘာဝက တရုတ်အစိုးရအနေဖြင့် မိမိ၏ အခက်အခဲ စိန်ခေါ်မှုများကို မတွေ့မမြင်ဘဲ အားနည်းချက်များ ရှိနေသည်ကို ဖော်ပြလျက်ရှိသည်။ ယင်းသို့ ဖြစ်ခြင်းသည် အမေရိကန်နိုင်ငံအတွက် ယူတတ်ပါက အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်ဟု လီက ရေးသားထားသည်။ 

တရုတ်ကျောင်းသားများအနေဖြင့် ကမ္ဘာ့အကြောင်းကို ပိုမိုသိရှိရန် သင်ယူသင့်ကြောင်း Tsinghua University မှ နိုင်ငံတကာ လေ့လာရေးဌာန၏ ပါမောက္ခ ယန်ကျူတောင်က ဇန်နဝါရီလအတွင်းက ပေကျင်းမြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

သူတို့၏ အမြင်မှာ တရုတ်သည်သာ တရားမျှတ အပြစ်ကင်းပြီး အခြားနိုင်ငံများ ဥပမာ အနောက်နိုင်ငံများသည် မကောင်းဆိုးဝါးများဖြစ်ကြောင်း နှင့် တရုတ်ကို ဝိုင်းဝန်း မုန်းတီးနေကြကြောင်း လက်ခံထားကြသည်ဟု သူ၏ ပြောကြားချက်ကို The New York Times က ဖော်ပြခဲ့သည်။ 

‌တရုတ်ကျောင်းသားများတွင် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲကာ သာလွန်မြင့်မြတ်သူများအဖြစ် သတ်မှတ်ထားကြသလို အခြားနိုင်ငံများကိုလည်း အထက်စီးမှ သဘောထားဆက်ဆံကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာ ဆက်ဆံရေးတွင် မိမိတို့ လိုသလို ဖြစ်ရမည်ဆိုသော အတွေးအခေါ်ကို လက်ခံထားကြပြီး တရုတ်နိုင်ငံ အနေဖြင့် မိမိ၏ မူဝါဒရည်မှန်းချက်များကို ရရှိရန် လွယ်ကူသည်ဟုလည်း ယုံကြည်ထားကြသည်။ သူတို့အနေဖြင့် အွန်လိုင်းတွင် တွေ့ရှိရသည့် လုပ်ဇာတ်များနှင့် ခိုင်လုံမှုမရှိသည့် အယူအဆများကိုလည်း လက်ခံ ယုံကြည်ထား ကြကြောင်း ပါမောက္ခ ယန်က ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly