အင်တာနက် ချိတ်ဆက်ပစ္စည်းများအတွက် တရုတ်၏ နည်းပညာက အနောက်နိုင်ငံများအတွက် ခြိမ်းခြောက်မှု အသစ်တစ်ခုဖြစ်နေ

အင်တာနက် ချိတ်ဆက်ပစ္စည်းများအတွက် တရုတ်၏ နည်းပညာက အနောက်နိုင်ငံများအတွက် ခြိမ်းခြောက်မှု အသစ်တစ်ခုဖြစ်နေ

‌ဗြိတိန်နိုင်ငံက ၎င်း၏ 5G ကွန်ရက်များမှ တရုတ်၏ Huawei ဆက်သွယ်ရေး စနစ်အား ဖယ်ရှားရန် ဆုံးဖြတ် လိုက်သည့်အခါ တရုတ်ထုတ်ပစ္စည်းများ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဆွေးနွေး ဝေဖန်မှုများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

‌ဗြိတိန်အစိုးရက အရေးကြီးသည့် ရုံးများတွင် တရုတ်အစိုးရပိုင် နည်းပညာကုမ္ပဏီများမှ လုံခြုံရေးဆိုင်ရာ ပစ္စည်းများကို မကြာသေးမီက ဖယ်ရှားလဲလှယ်ခဲ့သည်။ 

‌အမေရိကန်အစိုးရက အမည်ပျက်စာရင်းသွင်းထားသည့် တရုတ်ကုမ္ပဏီများဖြစ်သော Hikvision နှင့် Dahua တို့မှ ထောက်လှမ်းစောင့်ကြည့်ရေးဆိုင်ရာ ပစ္စည်းများ အသုံးပြုခြင်း ဗြိတိန်အစိုးရက တားမြစ်ရန် လွှတ်တော်အမတ် များနှင့် တာဝန်ရှိသူများက တောင်းဆိုထားကြောင်းလည်း Financial Post သတင်းဌာနက ဖော်ပြသည်။

‌သို့သော် တရုတ်ကုမ္ပဏီများက ထုတ်လုပ်သည့် အင်တာနက်နှင့် ချိတ်ဆက်အသုံးပြုသော ပစ္စည်းများမှ သေးငယ်သော အစိတ်အပိုင်းများတွင် ခြိမ်းခြောက်မှုရှိနေကြောင်း ရေဒါထောက်လှမ်းရေးတွင် တွေ့ရှိခဲ့ရသည်။ 

အင်တာနက်နှင့် ချိတ်ဆက်သုံးပစ္စည်းများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ သို့မဟုတ် 5G အခြေစိုက် စခန်းများနှင့် မတူဘဲ ဈေးကွက်များတွင် အသင့်သုံးနိုင်သည့် ပစ္စည်းများအဖြစ် ရောက်ရှိနေသည်။ 

 ကားများနှင့် ဆိုင်ကယ်များတွင် GPS ဖြင့် အသုံးပြုနိုင်သည့် အင်တာနက်ချိတ်ဆက်သုံးပစ္စည်းများသည် အထူးစိုးရိမ်ရသည့် ပစ္စည်းများဖြစ်ကြောင်း အမေရိကန် ဆိုက်ဘာလုံခြုံရေး အေဂျင်စီ (CISA) က သတိပေးခဲ့သည်။ 

တရုတ်ထုတ် စောင့်ကြည့်ရေးစနစ်များကို ဖယ်ရှားပစ်ရန် ဗြိတိန်အစိုးရ၏ ဆောင်ရွက်ချက်အပေါ် Retention and Use of Biometric Material and Surveillance Camera လုပ်ငန်းအကြီးအကဲ ပါမောက္ခ ဖရာဆာဆမ်စန်က သဘောတူ ထောက်ခံခဲ့သည်။ 

 အခြား အစိုးရဌာနများအနေဖြင့်လည်း လက်ရှိတပ်ဆင်ထားသည့် စနစ်များကို ပြန်လည် သုံးသပ်ရန်နှင့် ထောက်လှမ်းစောင့်ကြည့်ရေးနှင့် လုံခြုံရေးပစ္စည်းများကို ဝယ်ယူရာတွင် သူ၏ အကြံပြုချက်များကို ထည့်သွင်း စဉ်းစားရန်လည်း Asian Lite သို့ ပြောကြားခဲ့သည်။

 ဆမ်စန်သည် ရာဇဝတ်မှုဆိုင်ရာ စီရင်ဆုံးဖြတ်ရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အပြင် ရဲတပ်ဖွဲ့နှင့် ရာဇဝတ်မှုဆိုင်ရာ ထိန်းသိမ်းရေးအရာရှိကြီးများအသင်း၏ နိုင်ငံအဆင့် ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်သည်။ သီးသန့်သုံး စည်းမျဉ်း ထိန်းချုပ်ထားခြင်းမရှိသည့် ကင်မရာများ၊ မိုဘိုင်းဖုန်းများနှင့် ဗီဒီယိုစနစ်ပါဝင်သော တံခါးအချက်ပေးစနစ်များသည် ဈေးကွက်အတွင်း များပြားစွာ ရောက်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

“အများသူငါ သွားလာတဲ့ နေရာတွေမှာ စီစီတီဗွီ ကင်မရာတွေ အများကြီး မလိုအပ်ပါဘူး။ လုံခြုံရေးအတွက်က အကြောင်းအရာ အချက်အလက်တွေကို စုစည်းတည်းဖြတ်ဖို့ စနစ်တစ်ခုပဲ လိုအပ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။ 

တရုတ်အစိုးရက ရှင်ကျန်းဒေသမှ ဝီဂါများကို ဖိနှိပ်ရာတွင် Hikvision နှင့် Dahua ကုမ္ပဏီတို့ ပါဝင်သောကြောင့် ဗြိတိန်နိုင်ငံတွင် ယင်းကုမ္ပဏီများကို တားမြစ် ကန့်သတ်ရန် အခြား လူ့အခွင့်အရေး အုပ်စုများကလည်း လှုပ်ရှား တောင်းဆိုခဲ့ကြသည်။ 

ဝီဂါဒေသအနှံ့အပြားရှိ ထိန်းသိမ်းရေးစခန်းများတွင် Hikvision နှင့် Dahua ကုမ္ပဏီများမှ ကင်မရာများကို အသုံးပြုထားပြီး ယင်းဒေသအတွင်း ၁၁ နေရာတွင် စောင့်ကြည့်ခြင်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများအတွက် အဆိုပါ ကုမ္ပဏီ ၂ ခုက ကန်ထရိုက် စာချုပ်များ ချုပ်ဆိုထားသည်။ 

တရုတ်အာဏာပိုင်များသည် ဝီဂါနှင့် အခြားတူရကီ လူနည်းစု ၁ ဒသမ ၈ သန်းခန့်ကို အကျဉ်းစခန်းများတွင် ၂၀၁၇ ခုနှစ်မှ စတင်၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သုတေသနပညာရှင်များ၊ ပညာရှင်အဖွဲ့များနှင့် ပြည်ပမီဒီယာများ၏ စုံစမ်းထုတ်ဖော်သည့် အစီရင်ခံစာအများအပြားတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required