ဟင်္သာတမြို့မိတ်ဆက်

ဟင်္သာတမြို့မိတ်ဆက်

“ဟင်္သာတ” ဆိုတာ အင်္ဂလိပ်လို Hinthada( Henzada )လို့ ခေါ်ကြတဲ့ ဧရာဝတီတိုင်း ဧရာဝတီ မြစ်ကမ်းဘေးနားက ခရိုင်မြို့ကြီး တစ်မြိုပါပဲ။ ဟန်းဇဒါးပင်တွေ ပေါက်ရာအရပ်ဖြစ်လို့ မူလက ဟန်းဇဒါးလို့ ခေါ်ခဲ့ရာက နောက်တော့ ဟင်္သာတလို့ ပြောင်းရွှေ့ ခေါ်လာကြတယ်လို့ အဆိုရှိပါတယ်။ ဒါ့အပြင် ဟင်္သာဖိုက ဟင်္သာမကို တမ်းတတဲ့ အရပ်ဒေသဖြစ်လို့ ဟင်္သာတလို့ ယူဆတဲ့သူက ယူဆပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်အရဆိုရင်တော့ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း)ဟာ တရုတ်ရန်မှ တိမ်းရှောင်ရင်း အောက်ပြည်အောက်ရွာက ဟင်္သာတမြို့ ရောက်တဲ့အခါ ယခင်ပွဲတော်တည်နေကျ ဟင်းလျာ ၁၀၀ မပြည့်မီတာကြောင့် ဟင်းလျာကို တခဲ့လို့ ဟင်းလျာတမြို့၊ နောင်အခါ ဟင်္သာတမြို့ဆိုပြီး ဖြစ်ပေါ်ခဲ့တယ်လို့လည်း မှတ်သားရပါတယ်။

ဟင်္သာတမြို့ဟာ ခရိုင်မြို့ဖြစ်ပြီး ဒီခရိုင်ထဲမှာရှိတဲ့ မြို့နယ် ၆ ခုကတော့ အင်္ဂပူမြို့နယ်၊ ကြံခင်း မြို့နယ်၊ မြန်အောင်မြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတမြို့နယ်တို့ ဖြစ်ပါတယ်။ ဟင်္သာတမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်မှာ တည်ရှိပြီး မိုးရာသီတိုင်း စိုးရိမ်ရေမှတ် အမြဲကျော် တတ်ကာ ဧရာဝတီမြစ် ပျမ်းမျှမြစ်ရေ အမှတ်အောက် ၄ ပေခန့် နိမ့်နေတဲ့ မြို့ဖြစ်ပါတယ်။ မြို့ရဲ့ မြေမျက်နှာသွင်ပြင်ကတော့ ဒယ်အိုးပုံရှိပြီး အဓိက မြို့ရေထွက်ပေါက် ၃ ခု ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟင်္သာတမြို့နယ်မှာ မြို့နေလူဦးရေ ၇၄၉၄၃ ယောက်ရှိပြီး ကျေးလက်နေ လူဦးရေ ၂၅၄၀၄၁ ယောက် စုစုပေါင်း ၃၂၈၉၈၄ ယောက် နေထိုင်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ 

ဟင်္သာတမြို့ ပတ်ဝန်းကျင်ဟာ ဆန်စပါးအဓိက စိုက်ပျိုးထွက်ရှိပြီး ပဲ၊ ပြောင်း၊ ငြုပ်စတဲ့ ကိုင်းသီးနှံတွေ အများအပြား ထွက်ရှိပါတယ်။ ပတ်ဝန်းကျင် မြို့ရွာများရဲ့ ကုန်စည်များ ကူးသန်းရာမြို့ ဖြစ်ပါတယ်။ ရာသီဥတုကတော့ ပျမ်းမျှအပူချိန် 84°F (29°C) ရှိပါတယ်။  စိုစွတ်မှု ပမာဏကတော့ 80% ရှိပြီး အပူအအေးမျှတတဲ့ မြို့ဖြစ်ပါတယ်။  ပင်လယ်ရေမျက်နှာပြင်အမြင့်17 m (56 ft) မှာတည် ရှိပြီး လူဦးရေသိပ်သည်းဆမှာ ၁ စတုရန်း ကီလိုမီတာကို လူပေါင်း ၆၉၈၅ ဒသမ ၉ ယောက် (မိုင်အား ဖြင့် ၁ စတုရန်းမိုင်ကို ၂၆၉၇ ဒသမ ၃ ယောက် )နေထိုင်တဲ့ လူနေသိပ်သည်းတဲ့ မြို့ဖြစ်ပါတယ်။ ဧရာဝတီတစ်တိုင်းလုံးမှာ လူဦးရေ အသိပ်သည်းဆုံးလို့ ဆိုနိုင်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ပြီး အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ နတ်ကိုးကွယ်မှုများလည်း ရှိပါ တယ်။ မြန်မာစကားကို အများဆုံး ပြောဆိုပြီး ကရင်စကားကိုလည်း ပြောဆိုကြပါတယ်။

  ဟင်္သာတမြို့ဟာ ရှေးယခင်က မွန်လူမျိုးများ နေထိုင်ရာ ဒေသဖြစ်ခဲ့ဖူးပြီး ပုဂံအင်ပါယာထဲက မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းကြောင်းအရ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းဟာ ဟင်္သာတမြို့ကို ၄ ကြိမ်ထက်မနည်း ရောက်ရှိခဲ့ဖူးပြီး ဟင်္သာတ ရာဇဝတ်ဝန်မှ ဆုငွေ ၅ ကျပ် ထုတ်ခံရတုန်းက ဟင်္သာတ ဦးမြအိမ်မှာ တည်းခိုခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ မှာ အောက်လင်းဓါတ်မီးပုံ အာဇာနည်ဗိမာန် ၃ ခုသာ ရှိသည့်အနက် ဟင်္သာတ အာဇာနည်ဗိမာန် လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဟင်္သာတ အာဇာနည်ဗိမာန်က ကျန်ဗိမာန် ၂ ခုနှင့်မတူဘဲ အောက်ခံ အဆင့်များပါရှိကြောင်း သိရပါတယ်။ နယ်ချဲ့ အင်္ဂလိပ်များနဲ့ ဖက်စစ်ဂျပန်တွေကို တော်လှန်ရာမှာ လည်း တက်ကြွ ထင်ရှားခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။

 ဟင်္သာတမြို့ပေါ်မှာ မူလတန်းကျောင်းပေါင်း ၆၁ ကျောင်း( မြို့နယ်မှာ ၃၁၅ ကျောင်း) အလယ်တန်းကျောင်း ၅ ကျောင်းနဲ့ အထက်တန်းကျောင်း ၄ ကျောင်းရှိပြီး ကိုယ်ပိုင်ကျောင်းများလည်း ရှိကာ ပညာရေးမှာ ထူးချွန်ထက်မြတ်သူတွေ ပေါ်ထွက်လေ့ရှိပြီး ပညာရေးအရ နာမည်ကြီးထင်ရှား အစဉ်အလာကောင်းတွေရှိတဲ့ မြို့ဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ် ဟင်္သာ တတက္ကသိုလ် စတဲ့ တက္ကသိုလ်ကြီးတွေ ရှိတဲ့အပြင် သူနာပြုသင်တန်းကျောင်း မြန်မာနိုင်ငံရဲ့ တစ်ခု တည်းသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး သင်တန်းကျောင်း စတဲ့ ပညာရပ်တွေ   ဖြန့်ဖြူးပေးရာ ပညာရေး ရေခံမြေခံရှိတဲ့ မြို့ပါ။

 မင်းသားကြီးကောလိပ်ဂျင်နေဝင်း၊ ဟင်္သာတမြင့်ငွေ ဟင်္သာတထွန်းရင် မင်းအောင် စတဲ့ အနုပညာရှင်တွေ အမျိုးသား ပညာဝန် ဦးဖိုးကျား အာဇာနည်တစ်ဦးဖြစ်သော ယုန်သလင်းရွာမှ မန်းဘခိုင် တို့ဗမာအစည်းအရုံးကြီးကို ထူထောင်ခဲ့သူများမှ တစ်ဦးအပါအဝင်ဖြစ်သော ဝန်ကြီးဟောင်း သခင်ဗစိန်၊ မန်းဘခိုင်၊ ဖဆပလ ခရိုင်ဥက္ကဋ္ဌဟောင်း ဦးသန်းတင်၊ ဝန်ကြီး ဟင်္သာတဦးမြ၊ ဝန်ကြီး သခင်ချစ်မောင် (မြန်အောင်)၊ ဝန်ကြီးစောအောင်ပ၊ အလံနီဗိုလ်အောင်မင်း စတဲ့ စစ်ဘက် အရပ်ဘက် နယ်ပယ်ပေါင်းစုံမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ဇာတိချက်မြှုပ်မြို့ ဖြစ်ပါတယ်။

ဟင်္သာတမြို့ရဲ့ နာမည်ကြီးတဲ့ အစားအစာကတော့ ဟင်္သာတ မုန့်ဟင်းခါးဖြစ်ပြီး ဟင်္သာတ မြို့ရောက်ရင် မလွတ်တမ်း စားသုံးသင့်ပါတယ်။ ဟင်္သာတ မုန့်ဟင်းခါးကို မြို့ခံများက မနက်စာအဖြစ် စားသုံးလေ့ရှိပြီး ရပ်ကွက်တိုင်းနဲ့ လမ်းဆုံအတော်များများမှာ မုန့်ဟင်းခါး အရောင်းဆိုင်များကို တွေ့မြင်နိုင်ပြီး မင်္ဂလာဧည့်ခံပွဲ အလှူပွဲတွေမှာ မပါမဖြစ် ဖြစ်ပါတယ်။ အလည်ရောက်လာသူတိုင်း   ပြောစမှတ်ပြုရတဲ့ ဟင်းသီးဟင်းရွက် ဈေးနှုန်းချိုသာတဲ့ အစားအသောက် ပေါများတဲ့ မြို့ဖြစ်ပါတယ်။

 ပတ်ဝန်းကျင် မြို့ရွာများနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး မြို့တွင်းလမ်းအားလုံးလိုလို ဟာ ၂၀၁၂ နောက်ပိုင်းမှစပြီး ကွန်ကရစ်လမ်းတွေ ဖြစ်ပါတယ်။ မြန်မာ့မီးရထားရဲ့ တိုင်း ၉ အခြေစိုက် ရာမြို့ဖြစ်ပြီး မီးရထားလမ်း၁၄၇ မိုင်ရှိတဲ့ ပုသိမ်-ဟင်္သာတ-ကြံခင်း မီးရထားလမ်း ဆက်သွယ်ထား ပါတယ်။ ဟင်္သာတ-လှိုင်သာယာ မီးရထားလမ်းလည်း ဖောက်လုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

ဟင်္သာတမြို့ရှိရာကို ပုသိမ်-ဟင်္သာတ ကားလမ်း ဟင်္သာတ-ညောင်တုန်း ကားလမ်း ဟင်္သာတ-မြန်အောင် ကားလမ်းတို့မှ လာရောက်နိုင်ပြီး ဧရာဝတီမြစ်ကမ်းမှာ တည်ရှိတဲ့ ဆိပ်ကမ်း မြို့ဖြစ်တာကြောင့် ရေလမ်းခရီးမှလည်း လာရောက်နိုင်ပါတယ်။ ဟင်္သာတ-ရန်ကုန်ကားလမ်းဟာ ကောင်းမွန်သွားပြီ ဖြစ်တာကြောင့် ရန်ကုန်မြို့မှ ကိုယ်ပိုင်ကားနဲ့လာရင် အချိန်၂ နာရီခွဲသာ ကြာမြင့်ပါ တယ်။

ဟင်္သာတမြို့မှာ ဦးပါရဲစေတီတော်၊ မြို့သူကြီးစေတီတော်၊ ကျောက်တော်ကြီး စေတီတော်၊ ငါးမျက်နှာစေတီတော်၊ ဆယ်ထပ်ကြီး စေတီတော်၊ ကျောက်ထီး သန္တုစေတီတော် စတဲ့ တန်ခိုးကြီး စေတီတော်တွေ ရှိတဲ့အပြင် မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး လျောင်းတော်မူဖြစ်တဲ့ တိလောကဥ သျောင် လျောင်းတော်မူဘုရားကိုလည်း ဟင်္သာတမြို့အနီး နတ်မော်ရွာမှာ ဖူးမျှော်နိုင်ပါတယ်။ ဒါအ ပြင် ဟင်္သာတမြို့အနားက သမိုင်းဝင် ဇလွန်ပြည်တော်ပြန် ဘုရားဟာ မြန်မာနိုင်ငံမှာ ထင်ရှားပါတယ်။ ဟင်္သာတမြို့ပေါ်မှာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၁၅ ကျောင်းရှိပြီး နှစ်စဉ် ဝါဆို သံဃာအပါး ၃၀၀၀ ကျော်ရှိကာ ပရိတ်ပဌာန်းများ နေ့ညမပြတ် ရွတ်ဆိုပူဇော်လေ့ရှိတဲ့ သာသနာရောင်ဝါ ထွန်းလင်းတဲ့ မြို့ပါ။ သံဃာများ၊ သီလရှင်များအား နွေရော မိုးပါ သံဃဒါန ဆွမ်းပတ်များမှ နေ့စဉ်ဆွမ်းလောင်းလှူ တဲ့ သဒ္ဓါတရား ပြည့်ဝတဲ့ မြို့ပါ။ အဆိုပါ ဆွမ်းပတ်များမှာ ဆွမ်းလောင်းလှူဖို့ တစ်နှစ်ခန့် ကြိုတင်စာ ရင်း ပေးရလောက်အောင် အလှူရှင် ပေါများပါတယ်။ မနက်ခင်း အရုဏ်မှာ သံဃာတွေ တန်းစီဆွမ်းခံ ထွက်တဲ့ မြင်ကွင်းလေးကလည်း ဟင်္သာတမြို့ရဲ့ ငြိမ်းချမ်းစည်ပင်မှုကို ထင်ဟပ်တဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။  

မှီငြမ်းကိုးကား-
၁။ မြို့မိမြို့ဖများ၏ ပြောပြချက်
၂။ သက်ဆိုင်ရာ ဌာနများမှ အချက်အလက်များ
၃။ Wikiperia ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags