ကဘူးလ်မြို့ အနောက်ပိုင်းတွင် ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူ ၁၂၀ ကျော်ရှိကြောင်း ကုလ ပြော

By Khaama Press
15 August 2022
ကဘူးလ်မြို့ အနောက်ပိုင်းတွင် ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးသူ ၁၂၀ ကျော်ရှိကြောင်း ကုလ ပြော

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၏ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးစေသော ပေါက်ကွဲမှုများအတွင်း ထိခိုက်သေဆုံးသူ ၁၂၀ ကျော် ရှိခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြု ထုတ်ပြန်လိုက်သည်။

နောက်ထပ် တိုက်ခိုက်မှုများ ထပ်မံ မပေါ်ပေါက်စေဘဲ အရှုရာ ဘာသာရေးပွဲကို ကျင်းပနိုင်ရန် “လူနည်းစုများ” အတွက် လုံခြုံရေး တိုးမြှင့်ရေး အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် (UNAMA) က ဩဂုတ် ၇ ရက်တွင် တွစ်တာမှတစ်ဆင့် တိုက်တွန်းသည်။

မကြာသေးခင်က ကဘူးလ်မြို့ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများသည် “နိုင်ငံတကာ ပြစ်မှုများ” ဖြစ်သည်ဟု အာဖဂန်နစ္စတန် လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာတင်သွင်းသူ ရစ်ချတ် ဘန်းနတ်က တွစ်တာတွင် ရေးသည်။ တာဝန်ရှိသည့် လက်သည်တရားခံများအနေဖြင့် တရားစီရင်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းက ပြောသည်။

ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ကဘူးလ် အနောက်ပိုင်း ရပ်ကွက်များဖြစ်သည့် ဆာ-အီ-ကာရစ်ဇ် နှင့် ပိုလ်-အီ-ဆော့ခ်တာ တို့တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုဖြစ်စဉ် ၂ခုတွင် လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ပြီး အထူးသဖြင့် ရှီးယား မွတ်ဆလင်တို့၏ မုဟရ်ရမ် လမြတ်အခါပွဲတော်ကို ကျင်းပခဲ့သည့် ရှီးယား အာဖဂန်များ ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

ခွဲခြားမှု မရှိဘဲ အရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးများကို သေဆုံးစေခဲ့သည့် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ် ၂ခုစလုံးကို ၎င်းတို့ လုပ်ဆောင်ကြောင်း IS-K အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ခဲ့သည်။

ကဘူးလ်မြို့ အနောက်ပိုင်း ရှီးယားတို့ နေထိုင်သည့် ဒေသသည် လုံခြုံရေး ခြိမ်းခြောက်မှုများ မြင့်တက်ထားခဲ့ပြီး မကြာသေးခင်က ရှီးယားမွတ်စလင်များ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။

အဆိုပါ နယ်မြေတွင် တာလီဘန် လုံခြုံရေးတပ်ဖွဲ့အများအပြားလည်း ရှိသည်ဟု ဒေသရင်းမြစ်များက ပြောသည်။

ဒက်ရှ်တ် ဘာချီသို့ ဦးတည်သည့် လမ်းအချို့မှာ ဖြတ်သန်းသွားလာရန် မဖြစ်နိုင်ပေ။

တာလီဘန်တို့သည် လုံခြုံရေးအကြောင်းရင်းများဖြင့်နိုင်ငံမြောက်ပိုင်း ဘော့ခ်ပြည်နယ်တွင် အရှုရာ ဘာသာရေးပွဲ ကျင်းပမှုအပေါ် ကန့်သတ်မှုများ ချမှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly