မြန်မာဒုက္ခသည်များကို ပြည်ပရန်ပုံငွေဖြင့် မလေးရှားက ကျွမ်းကျင်သင်တန်း ပေး 

By Malay Mail
15 August 2022
မြန်မာဒုက္ခသည်များကို ပြည်ပရန်ပုံငွေဖြင့် မလေးရှားက ကျွမ်းကျင်သင်တန်း ပေး 

ဩဂုတ် ၁၅

မြန်မာဒုက္ခသည်များအား ကျွမ်းကျင်သင်တန်ပေးမည့် ကုန်ကျစရိတ်များကို မလေးရှားအစိုးရအနေဖြင့် ပြည်ပရန်ပုံငွေကို အသုံးပြုနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာရီ ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်က ပြောသည်။ 

နိုင်ငံတွင်း၌ ဒုက္ခသည်များ ကျွမ်းကျင်သင်တန်း တက်ရောက်ခြင်းတွင် ကူညီရန် အားထုတ်မှုများ၌ ပြည်သူ့ရန်ပုံငွေကို အစိုးရအနေဖြင့် အသုံးပြုခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ 

နိုင်ငံတွင်း၌ လက်ရှိအထိ မြန်မာဒုက္ခသည်များသည် လိုအပ်သော သက်မွေးပညာ ကျွမ်းကျင်မှု မရှိ၍ လုပ်ငန်းခွင်သို့ မသွင်းနိုင်ဘဲ ရှိနေကြောင်း ၎င်း၏ အပြောအရ သိရသည်။ 

“ခုချိန်မှာ ကျွန်တော်တို့မှာ နိုင်ငံခြားအလုပ်သမား ရှားပါးပြတ်လပ်နေတယ်၊ စားသောက်ဆိုင်တွေ၊ စက်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးပြတ်လပ်တာကို ကြုံတွေ့နေရတယ်၊ မြန်မာဒုက္ခသည်တွေက အခြေခံ ကျွမ်းကျင်မှု မရှိကြလို့ အလုပ်ရှင်တွေက အလုပ်မခန့်ချင်ကြဘူး”ဟု ဆိုင်ဖူဒင်က ပြောသည်။ 

“ဒါကြောင့် အလုပ်လုပ်ချင်တဲ့ ဒုက္ခသည်တွေကို ကျွမ်းကျင်သင်တန်းပေးဖို့ ကျွန်တော်တို့ စီစဉ်နေတာပဲ၊ ဒါပေမဲ့ ဒီလို သင်တန်းပေးရာမှာလည်း အစိုးရငွေကို အသုံးပြုမှာ မဟုတ်ဘူး၊ ဒါကြောင့် ရန်ပုံငွေ ဘယ်လိုရရှိအောင် လုပ်မလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားနေတယ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ကျွန်တော်ဟာ အခြားနိုင်ငံတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေဆီကနေ ရန်ပုံငွေ ရရှိအောင် စည်းရုံးနေရတယ်”ဟု ၎င်းက ဆိုသည်။ 

နိုင်ငံ၏ အနာဂတ် လူငယ်မဲဆန္ဒရှင်များ၏ အဆုံးအဖြတ် ဖိုရမ်အပြီး သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။ 

အမေရိကန်ဒေါ်လာ သန်း ၅၀ ထောက်ပံ့လှူဒါန်းရာ၌ ကာတာနိုင်ငံလည်း တစ်နိုင်ငံပါဝင်ကာ ယင်း ငွေကြေးမှ ဒေါ်လာ ၆ သန်းကို ဒုက္ခသည်များ၏ ကျန်းမာရေးကိစ္စရပ်များတွင် အသုံးပြုနေကြောင်း ဆိုင်ဖူဒင်က နောက်ထပ် မှတ်ချက်ပြု ပြောဆိုသည်။ 

“မလေးရှားမှာ ရှိတဲ့ ဒုက္ခသည်တွေအကြောင်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ပြောဆိုတဲ့အခါ ပြည်သူတွေအနေနဲ့ အလိုမကျ ဖြစ်လိမ့်မှာမဟုတ်ဘူးလို့ ကျွန်တော် ပြောလိုပါတယ်၊ ဒီ ဒုက္ခသည်တွေကို အလုပ်အကို်ငနဲ့ ပညာရေး အခွင့်အလမ်းတွေ ပေးဖို့ လိုပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီအတွက်တော့ ပြည်သူတွေရဲ့ ပိုက်ဆံကို ဘယ်တော့မှ မသုံးပါ၊ ပြည်ပနိုင်ငံတွေကနေ ပါဝင်လှူဒါန်းတာက ရရှိတဲ့ ရန်ပုံငွေကိုပဲ အလုံးစုံ သုံးတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required