ဘလွန်းဒီအော်ဆု ဆန်ခါတင်စာရင်းမှာ တိုနီခရူ့စ် မပါလာခြင်းကြောင့် အန်ဆယ်လော့တီ အံ့အားသင့်ခဲ့ရ

ဘလွန်းဒီအော်ဆု ဆန်ခါတင်စာရင်းမှာ တိုနီခရူ့စ် မပါလာခြင်းကြောင့် အန်ဆယ်လော့တီ အံ့အားသင့်ခဲ့ရ
Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ဂျာမန်ကွင်းလယ်ကစားသမား တိုနီခရူ့စ်ဟာ  ဘလွန်းဒီအော်ဆု (Ballon d'Or) အတွက် ဆန်ခါတင် အယောက် (၃၀)စာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့အတွက် အံ့အားသင့်မိတယ်လို့ စနေနေ့က ပြောပါတယ်။

ပုံစံကောင်းတွေပြသခဲ့တဲ့ ကော်တိုအာ၊ ကာစီမီရို၊ လူကာမိုဒရစ်၊ ဗီနီရှပ်ဂျူနီယာနဲ့ ရေပန်းအစားဆုံး ကာရင်ဘင်ဇီမာတို့လို ချန်ပီယံလိဂ်ဖလားရယူပေးတဲ့ ရီးယဲလ်ကစားသမား ငါးဦးဟာ သောကြာနေ့က ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့တာပါ။
 
အသစ်ခေါ်ယူထားတဲ့ အန်တိုနီယို ရူဒီဂါလည်း ဒီစာရင်းမှာ ပါဝင်နေပေမယ့် ဂျာမန်ကွင်းလယ်လူ ခရူ့စ်အတွက် နေရာမရှိခဲ့ပါဘူး။

"ခရူ့စ်ဟာ အံ့အားသင့်စရာကောင်းတဲ့ရာသီတစ်ခုရှိတာကြောင့် ဒါက ကျနော့်ကို နည်းနည်းတော့ အံ့သြမိပါတယ်... ဒါပေမယ့် မှန်ပါတယ်၊ ရီးယဲလ်မက်ဒရစ်ကစားသမားအားလုံးကို ဆန်ခါတင်စာရင်းထဲ ထည့်လိုက်ရင် ဒါက ပြဿနာရှိနိုင်တယ်ဆိုတာ ကျနော် နားလည်ပါတယ်"လို့ တနင်္ဂနွေနေ့မှာ ရီးယဲမက်ဒရစ်ရဲ့ အယ်လ်မီရီယာနဲ့ လာလီဂါအဖွင့်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ 

"ဒါပေမယ့် ဗယ်ဗာဒီ၊ မီလီတာအို၊ အာလာဘာ ... အားလုံးက အဲဒီစာရင်းမှာရှိဖို့ ထိုက်တန်ပါတယ်။

"သူတို့အားလုံးဟာ ကောင်းမွန်တဲ့ရာသီတစ်ခုရှိခဲ့တယ်။ ဘလွန်းဒီအောဆု ဆွတ်ခူးဖို့ ကျနော်ပြောနေတာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့ ဆန်ခါတင်စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်ပါတယ်။"

အန်ဆယ်လော့တီဟာ ဆန်ခါတင် (၃၀)ဦးစာရင်းမှာ ဘရာဇီးလ်တိုက်စစ်မှူး ဗီနီရှပ် ပါဝင်မှုကို အထူးနှစ်သက်ခဲ့ပါတယ်။

"သူက ကျနော်တို့တွေရဲ့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး သူ့မှာ မယုံနိုင်စရာ ရာသီတစ်ခုရှိခဲ့တယ်။"လို့ အီတလျံနည်းပြက ဆိုပါတယ်။

"စတုတ္ထ ဒါမှမဟုတ် ဒုတိယနေရာမှာ ရပ်တည်ပြီးဆုံးသွားမလားဆိုတာကို သူ ဂရုမစိုက်ပါဘူး။ ကစားသမားတွေအတွက် အောင်ပွဲကသာ အဓိကပါ။ သူက အနာဂတ်မှာ ပိုကောင်းအောင် လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ ဒီရာသီမှာ ဗီနီအတွက် ကျနော်တို့မှာ အောင်နိုင်သူ ရှိပြီးသားပါ။"

ဘလွန်းဒီအော်ဆုကို အောက်တိုဘာလ ၁၇ ရက်နေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly