ပါကစ္စတန်၏ စာရင်းရှင်လိုငွေပြမှု ဒေါ်လာ ၁၇ ဘီလီယံကျော်အထိ ရောက်ရှိ

ပါကစ္စတန်၏ စာရင်းရှင်လိုငွေပြမှု ဒေါ်လာ ၁၇ ဘီလီယံကျော်အထိ ရောက်ရှိ

ပါကစ္စတန်နိုင်ငံတွင် ကုန်သွယ်မှုလိုငွေပြမှု မြင့်တက်မှုကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ စာရင်းရှင်လိုငွေပြမှုသည်  အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄ ဘီလီယံ သို့မဟုတ် စီးပွားရေးအရွယ်အစား၏ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ အစိုးရဘက်က အစီအမံ ဆောင်ရွက်ချက်မျိုးစုံ လုပ်ဆောင်ခဲ့သော်လည်း စာရင်းရှင်လိုငွေပြမှုက တစ်ဟုန်ထိုး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 နိုင်ငံတကာ ကုန်စည်ပစ္စည်းများနှင့် ရေနံဈေးနှုန်းများ မြင့်တက်နေစဉ် စာရင်းရှင်လိုငွေပြမှု မြင့်တက်နေခြင်း ဖြစ်ရာ ပါကစ္စတန်အနေဖြင့် စွမ်းအင်နှင့် အခြားသော သွင်းကုန်များအတွက် ငွေပိုမိုသုံးစွဲရလိမ့်မည်ဆိုသည်ကို သွယ်ဝိုက်ညွှန်ပြနေကြောင်း Dawn မီဒီယာက ဖော်ပြသည်။

ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ရေနံဆိုင်ရာ တင်သွင်းမှုပိုင်းတွင် ၃၃ ရာခိုင်နှုန်း မြင့်တက်ခြင်းတို့က ပါကစ္စတန်၏ ရေနံ တင်သွင်းမှု ကျသင့်ငွေပမာဏကို မေလက ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံမှ နှစ်ဆကျော် တက်ပြီး ဇွန်လတွင် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံအထိ ရောက်ရှိစေခဲ့ကြောင်း ဗဟိုဘဏ်က ပြောသည်။ ရေနံ မဟုတ်သော သွင်းကုန် များ တင်သွင်းမှုပိုင်းတွင် လျော့ကျထားသော်လည်း အဆိုပါ အခြေအနေကြောင့် နိုင်ငံ၏ တစ်လထက် တစ်လ ကုန်သွယ်မှု လိုငွေကို ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်စေခဲ့သည်။

နိုင်ငံစုံနှင့် နှစ်ဦးနှစ်ဖက် ပါဝင်သော ငွေချေးသူများထံမှ ဒေါ်လာငွေ စီးဝင်မှုများ လျော့ပါးလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်းတို့ ရှိနေစဉ် ယခု စာရင်းရှင်လိုငွေပြမှု မြင့်တက်ခြင်းကြောင့် ပြီးခဲ့သည့် လအနည်းငယ်အတွင်း အရန်နိုင်ငံခြားသုံးငွေနှင့် နိုင်ငံသုံးငွေကြေးရူပီးတို့ကို ကြီးမားသည့် ဖိအားအောက် ကျရောက်စေခဲ့သည်။

အဆိုပါ အခြေအနေကြောင့် လျင်မြန်သော ငွေကြေးဖောင်းပွမှုကို ဖြစ်စေသလို ဗဟိုဘဏ်အနေဖြင့် ငွေချေးယူမှု တန်ဖိုးစရိတ်များကို နှစ်များစွာကြာ အမြင့်ဆုံးပမာဏတစ်ခုသို့ မဖြစ်မနေ မြှင့်တင်ခဲ့ရကာ နိုင်ငံ စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုလည်း ထိခိုက်စေခဲ့ကြောင်း Dawn မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly