ပါကစ္စတန်တွင် ၁၀စုနှစ်များအတွင်း မိုးရေချိန် အများဆုံးရွာသွန်းမှုကြောင့်  ရေကြီးပြီး သေဆုံးသူ ၅၅၀ ခန့်အထိ ရှိခဲ့

ပါကစ္စတန်တွင် ၁၀စုနှစ်များအတွင်း မိုးရေချိန် အများဆုံးရွာသွန်းမှုကြောင့်  ရေကြီးပြီး သေဆုံးသူ ၅၅၀ ခန့်အထိ ရှိခဲ့

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်လက ပုံမှန်မဟုတ်ဘဲ မုတ်သုံမိုးကြီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရုတ်တရက် ရေကြီးရေလျှံမှုများအတွင်း အနည်းဆုံး လူပေါင်း ၅၄၉ ဦး သေဆုံးခဲ့ပြီး အဆိုပါ ရေဘေးဒုက္ခဒဏ် အဆိုးဆုံး ထိခိုက်ခံစားရသူများထဲတွင် ဆင်းရဲနွမ်းပါးသော အနောက်တောင်ဘက်ပြည်နယ် ဘာလိုချီစတန်ရှိ ဝေးလံ ခေါင်ပါးသော အရပ်နေ လူအစုအဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း အစိုးရအေဂျင်စီတစ်ခုက ပြောသည်။

အစိုးရအေဂျင်စီများနှင့် စစ်တပ်တို့က ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထူထောင်ပေးခဲ့ပြီး မိသားစုများကို ကူညီနေရာပြောင်းရွှေ့ပေးနိုင်ရန်နှင့် အစားအစာ၊ ဆေးဝါးများ ထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။

ရေကြီးမှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်သည့်အပြင် နေအိမ်အလုံးပေါင်း ၄၆၂၀၀ ကျော်လည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ပါကစ္စတန် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) က ဩဂုတ် ၅ ရက်တွင် ပြောသည်။

“ရေဘေးဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်” ဟု ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ရေဘေးသင့် ဧရိယာများသို့ သွားရောက်စဉ် ပြောသည်။

သို့သော် ဘာလိုချီစတန်ပြည်နယ်အစိုးရက ၎င်းတို့ပြည်နယ်တွင် ဘဏ္ဍာငွေကြေးများ ထပ်မံလိုအပ်နေသည်ဟု ပြောခဲ့ကာ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီ ရရှိရေး ပန်ကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေက အင်မတန် ကြီးပါတယ်” ဟု ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ် အဗ္ဗဒူလ် ကူဒို့စ် ဘီဇန်ဂျိုက ပြောသည်။ ရေဘေးသင့် ခရိုင်ဒေသတိုင်းတွင် အစားအစာ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သလို ကီလိုမီတာ ၇၀၀ ကျော်အရှည်ရှိ လမ်းများ ရေတိုက်စားခံခဲ့ရသဖြင့် ဒေသခံအချို့သည် ပြည်နယ်၏ ကျန်ဒေသများနှင့် အဆက်အသွယ် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်နယ်အနေဖြင့် အစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများထံမှ အကူအညီ အများအပြားကို လိုအပ်ကြောင်း ဘီဇန်ဂျိုက ပြောသည်။

ပါကစ္စတန်တွင် ပြီးခဲ့သည့်လသည် ဆယ်စုနှစ် သုံးစုအတွင်း အစိုစွတ်ဆုံး ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် နှစ် ၃၀ ၏ ပျမ်းမျှ မိုးရေချိန်ထက် ၁၃၃ ရာခိုင်နှုန်း ပိုသော မိုးရေချိန်များအထိ ရွာသွန်းခဲ့ကြောင်း NDMA က ပြောသည်။ အီရန်၊ အာဖဂန်နစ္စတန်တို့နှင့် နယ်စပ်ချင်းထိစပ်နေသော ဘာလိုချီစတန်တွင် တစ်နှစ်တာပျမ်းမျှ မိုးရေချိန်ထက် ၃၀၅ ရာခိုင်နှုန်း ပိုသော မိုးရေချိန်ကို ရရှိခဲ့သည်ဟု သဘာဝဘေး စီမံခန့်ခွဲမှု အေဂျင်စီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required