ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက ဝန်ထုပ်ဝန်ပိုးဖြစ်လာသဖြင့် နိုင်ငံ၏ စီးပွားရေးမြှင့်တင်မည့် တရုတ်ရည်မှန်းချက် ပျက်သုဉ်း

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက ဝန်ထုပ်ဝန်ပိုးဖြစ်လာသဖြင့် နိုင်ငံ၏ စီးပွားရေးမြှင့်တင်မည့် တရုတ်ရည်မှန်းချက် ပျက်သုဉ်း

အာရှစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ စီးပွားရေး ယန္တရားကို ထိန်းချုပ်အသုံးချရန် ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော တရုတ်၏ ခါးပတ်လမ်းရပ်ဝန်စီမံကိန်းသည် နိုင်ငံအတွက်  အကျိုးအမြတ်ထက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။

လွန်ခဲ့သော ၉ နှစ်က တရုတ်သည် ပါကစ္စတန်၏ ဂွါဒါဆိပ်ကမ်းမြို့ကို စတင်ရာနေရာအဖြစ် ရွေးချယ်ခဲ့ပြီး ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအောက်၌ ပေါင်းစည်းရေးဒေသအတွက် အချက်အချာဖြစ်သော အိန္ဒိယသမုဒ္ဒရာသို့ တရုတ်၏ စီးပွားရေးထွက်ပေါက်အဖြစ် တင်ပြခဲ့သည်။ 

သို့သော် စီမံကိန်းအများအပြားကို စတင်နိုင်ခြင်းမရှိသေးသလို ရလဒ်ကောင်းများလည်း ထွက်ရှိမလာ သေးကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြထားသည်။ 
 တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၁၃ ခုနှစ်တွင်  ပိုးလမ်းမကို မိန့်ခွန်းထဲတွင် ပထမဆုံးအကြိမ် ထည့်သွင်း ပြောဆိုခဲ့ပြီး ဂွါဒါနှင့် ရှင်ကျန်းရှိ ကက်ရှ်ဂါမြို့သို့ ဆက်သွယ်ထားသော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ကြေညာခဲ့သည်။

အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံရင်းနှီးမြှုပ်နှံထားသော CPEC စီမံကိန်းသည် တရုတ်-ပါကစ္စတန်၏ ရင်းနှီးချစ်ကြည်မှုကို ပြသခဲ့ကာ ယခုအခါ ရင်းနှီးမြှုပ်နှံမှုသည် ၅၀ ဘီလီယံအထိ ရောက်ရှိလာပြီဖြစ်သည်။ CPEC သည် ယခုအခါ ခါးပတ်လမ်း ရပ်ဝန်းစီမံကိန်း၏ အဓိကကျောရိုးဖြစ်လာပေသည်။

 သို့သော် ၂၀ ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်မတိုင်မီ လပိုင်းအလို ယနေ့အချိန်တွင် CPEC နှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကိုယ်တိုင်ပင် အကျပ်အတည်းဆိုက်ရောက်နေပြီဖြစ်သည်။


လေဆိပ်သစ်၊ ဂွါဒါ လွတ်လပ်သောဇုန်၊ ၃၀၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ရေသန့်စင် ရေး စက်ရုံတို့ကဲ့သို့ မြို့တွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများစာရင်းကို တရုတ်နိုင်ငံက ကြေညာထားသည်မှာ ၈ နှစ်နီးပါး ကြာပြီဖြစ်သော်လည်း စီမံကိန်းတစ်ခုမျှ မပြီးပြတ်သေးဘဲ ၎င်းရှိ ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်မှု သို့မဟုတ် စီးပွားရေးတစ်ခု ဖန်တီးရန် အနည်းငယ်သာ လုပ်ဆောင်ရသေးကြောင်း Nikkei Asia က ဖော်ပြထားသည်။

 ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ နောက်ထပ်အရေးပါသည့် နေရာဖြစ်သော သီရိလင်္ကာတွင် တရုတ်ချေးငွေများက နိုင်ငံ၏ အခြေခံအဆောက်အအုံကို မြှင့်တင်ခြင်းဖြင့် အကြွေးတင်စေခဲ့ကာ မေလတွင် ပထမဆုံးအကြိမ် ကြွေးမြီဆပ်ရန်ပျက်ကွက်စေခဲ့ကာ သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာကို ပြုတ်ကျသည်အထိ ဖြစ်စေ ခဲ့ကြောင်း Nikkei Asia ကဖော်ပြသည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် ကုန်းမြေနှင့်ရေကြောင်းတစ်လျှောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမှ ဒေသဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ ကျဆင်းသွားနိုင်သလို တဖြည်းဖြည်းချင်း အပြီးအပိုင် စွန့်ခွာသွားနိုင်ကြောင်းနှင့် ထိုအချက်မှာလည်း နိုင်ငံခေါင်းဆောင်၏ ဆန္ဒအပေါ် မူတည်ကြောင်း ပေကျင်းအခြေစိုက် မူဝါဒသုတေသနအဖွဲ့ Anbound က  ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required