“တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံ” ဟု ရှစ်တန်း တိုင်းစစ်မေးခွန်းတွင် ဖေါ်ပြမေးခွန်းထုတ်

“တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံ” ဟု ရှစ်တန်း တိုင်းစစ်မေးခွန်းတွင် ဖေါ်ပြမေးခွန်းထုတ်

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ရှစ်တန်းအတန်းတင် စာမေးပွဲအတွက် တိုင်းအဆင့် စစ်ဆေးသည့် ပထဝီဝင် ဘာသာရပ် မေးခွန်းတွင် “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံ” ဟု သုံးနှုန်းမေးမြန်းထားသည်ကို တွေ့ရှိရသည်။

ဖေဖေါ်ဝါရီ ၁၈ ရက်က စစ်ဆေးသည့် ပထဝီဝင် မေးခွန်းအပိုင်း (က) မေးခွန်းအမှတ် (၂) မေးခွန်းအမှတ်ခွဲ (ဃ) တွင် “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတွင် နေထိုင်သူ အများစုမှာ (ထန်တရုတ်၊ ဗင်တရုတ်၊ ဟန်တရုတ်) တို့ဖြစ်သည်” ဟု မေးမြန်းထားခြင်းဖြစ်သည်။

မေးခွန်းအမှတ် (၂) သည် ကွက်လပ်ဖြည့်ရမည့် မေးခွန်းဖြစ်ပြီး အကြောင်းအရာ တစ်ခုအပေါ် အဖြေသုံးခု ပေးလျက် အမှန်တစ်ခုကို ဖြေဆိုရခြင်းဖြစ်သည်။ မေးခွန်းသည် “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတွင် နေထိုင်သူ အများစုမှာ (ထန်တရုတ်၊ ဗင်တရုတ်၊ ဟန်တရုတ်) တို့ဖြစ်သည်” ဟု မေးမြန်းထားခြင်းကြောင့် မည်သို့ ဖြေဆိုရမည်ကိုပင် ကျောင်းသားများ မသိရှိဘဲ ဖြစ်ခဲ့သည်။

မေးခွန်းအမှန် ဖြစ်သင့်သည်မှာ “တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင်” ဟု ဖြစ်ရမည်ဖြစ်ကြောင်း ပဲခူးမြို့တွင် ကျူရှင်သင်ကြားပေးနေသည့် ဆရာ ဦးဝေလင်းက ပြောသည်။ မေးခွန်းများသည် ယခုမှ မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်များတွင်လည်း မှားယွင်းမှုများ ရှိခဲ့သည်ဟုလည်းဆိုသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ရှစ်တန်းအတန်းတင် စာမေးပွဲအတွက် မေးခွန်း အမှတ်စဉ် (၁) တွင် မှား၊ မှန် မေးခွန်း ငါးခု အမှတ်စဉ် (၂)တွင် အဖြေမှန်ရွေးသည့် မေးခွန်း ငါးခုနှင့် အမှတ်စဉ် (၃) တွင် ကွက်လပ်ဖြည့်ခြင်းနှင့် အမှတ်စဉ် (၅) တွင် ပေးထားသည့် မြေပုံကို လေ့လာလျက် မေးခွန်းများ ဖြေဆိုရခြင်းဖြစ်သည်။

မေးခွန်းကိုသည် တိုင်းအဆင့် ပညာရေးဝန်ထမ်းများက ထုတ်ခြင်းကြောင့် အလယ်တန်းအဆင့် ဆရာဆရာမများနှင့် သက်ဆိုင်ခြင်းမရှိဟု ယူဆကြောင်းလည်း ဆရာဦးဝေလင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags