ကြိုးတိုက်ထဲက ဗီယက်နမ်အမျိုးသမီး ကိုယ်ဝန်ရှိစေရန် စွမ်းဆောင်နိုင်၍ သေဒဏ်မှလွတ်မည်

ကြိုးတိုက်ထဲက ဗီယက်နမ်အမျိုးသမီး ကိုယ်ဝန်ရှိစေရန် စွမ်းဆောင်နိုင်၍ သေဒဏ်မှလွတ်မည်

ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၈ ။           ။ မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ကြိုးတိုက်ထဲရောက်နေခဲ့သော ဗီယက်နမ်အမျိုးသမီး အကျဉ်းသူတစ်ဦးသည် သေဒဏ်မှ လွတ်စေရေးအတွက် ၎င်းတွင် ကိုယ်ဝန်ရှိစေရန် စွမ်းဆောင်နိုင်ခဲ့သည်။ အသက် ၄၂ နှစ်အရွယ်ရှိ ငုယင်သီဟူးသည် ဧပြီလတွင် မွေးဖွားမည်ဟု မျှော်လင့်ရကြောင်း စုံစမ်းစစ်ဆေးရေးမှူးများနှင့် အစိုးရရှေ့နေများက သန်နီယင်နယူးစ် သတင်းဋ္ဌာနသို့ ဖေဖော်ဝါရီ ၁၆က ပြောခဲ့သည်။

ငုယင်သီဟူးသည် ၂၀၁၂ခုနှစ်က မြောက်ပိုင်းရှိ ကွန်နင်းပြည်နယ်တွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး အပြစ်ရှိကြောင်းတွေ့ရှိရသဖြင့် ၂၀၁၄တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။ ထောင်ထဲတွင် ရှိနေစဉ် ဟူးသည် လွန်ခဲ့သည့်နှစ် သြဂုတ်လက အသက် ၂၇ နှစ်ရှိ အမျိုးသားအကျဉ်းသား ငုယင်တွန်ဟန်းင်ကို ဗီယက်နမ်ဒေါင် သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃,၁၀၀) ပေးခဲ့သည်ဆိုသည်။

ထို့နောက် ဟန်းင်သည် ၎င်း၏သုက်ရည်များကို ပလတ်စတစ်အိတ်တစ်ခုတွင် စုစည်း၍ ဆေးထိုးပြွန်နှင့်အတူ ဟူးထံသို့ ပေးခဲ့သည်။ ဟူးသည် သုက်ရည်များကို ၎င်း၏သားအိမ်အတွင်း ထိုးသွင်းကာ ကိုယ်ဝန်ရှိအောင်ပြုလုပ်နိုင်ခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောသည်။ ဟူးအားချုပ်ထားသည့် အကျဉ်းထောင်မှ အရာရှိ လေးဦးကို တာဝန်ပေါ့လျော့မှုဖြင့် တာဝန်မှ ရပ်ဆိုင်းထားသည်။

ဗီယက်နမ်ဥပဒေအရ ကိုယ်ဝန်ရှိသော အမျိုးသမီးတစ်ဦး သို့မဟုတ် သုံးနှစ်ထက်ငယ်သော ကလေးရှိသည့် မိခင်တစ်ဦးကို သေဒဏ်မချမှတ်နိုင်ပေ။ ဟူးသည် ထောင်ဒဏ် တစ်သက်သို့ လျှော့ပေါ့ခံရနိုင် သည်။ ဟူးသည် ကိုယ်ဝန်ရှိအောင်ပြုလုပ်၍ သေဒဏ်မှလွတ်အောင် ကြိုးပမ်းသော ပထမဆုံးအမျိုးသမီးအကျဉ်းသူ မဟုတ်ဟု သတင်းဋ္ဌာနက ဖော်ပြထားသည်။

၂၀၀၇ခုနှစ် မတ်လကလည်း မူးယစ်ဆေးဝါးမှုဖြင့် ကြိုးတိုက်ထဲရှိနေခဲ့သော ငုယင်သီအုန်းဆိုသူ အကျဉ်းသူတစ်ဦးသည် အကျဉ်းသားတစ်ဦးနှင့် လိင်ဆက်ဆံပြီးနောက် ယောင်္ကျားကလေး တစ်ဦးက မွေးဖွားခဲ့သည်။ ယင်းသို့လိင်ဆက်ဆံခွင့်ပြုခဲ့သော ဟိုအာဘင်ပြည်နယ်ရှိ ယင်းထောင်မှ ထောင်အရာရှိနှစ်ဦးမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly