ကနီမြို့နယ် အင်းပေါ်ဒေသတွင် သောက်သုံးရေ အခက်ခဲကြံု

ကနီမြို့နယ် အင်းပေါ်ဒေသတွင် သောက်သုံးရေ အခက်ခဲကြံု

မုံရွာ၊ ဖေဖော်ဝါရီ ၁၈ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အင်းပေါ်ဒေသရှိ ရေကန် ၄ ကန် မှာခမ်းခြောက်လာသည့်အတွက် နွေမရောက်မှီ သောက်သုံးရေ အခက်ခဲစတင်ကြုံတွေ့နေရပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ရေက ခမ်းလာတော့ နုံးမြေတွေနဲ့ နောက်ကျိနေတာပေါ့၊ ရေချိုးဖို့အတွက် သိပ်အခက်ခဲမရှိပေမဲ့ သောက်သုံးရေ အတွက် အများကြီးခက်ခဲပါတယ်၊ ဒီကန်တွေကနေ ချိုးရေ၊ သောက်သုံးရေ၊ နွားစာရေ၊ အကုန်လုံး အတွက် အသုံးပြုရတာပါ။ နှစ်စဉ်ဖြစ်နေကျပါ။ နှစ်တိုင်းပဲ ဒုက္ခရောက်ကြရတယ်။"ဟု အင်းပေါ်ဒေသခံ ကိုဖိုးထူးက ပြောသည်။

အဆိုပါရေကန်များတွင် ရေခမ်းခြောက်လာပြီး နုံးများဖြင့်နောက်ကျိနေသည့်အတွက်  ရေအသုံးပြုသူများတွင် ကျန်းမာရေးအန္တရာယ် စိုးရိမ်ရကြောင်း၊      ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အထူးဂရုစိုက်နေရကြောင်း၎င်းကဆက်လက်ပြောဆိုသည်။

"ရေက ဖေဖော်ဝါရီလကုန်လောက်ဆိုရင် သုံးလို့မရတော့ဘူး။ ကုန်တော့မယ်။ အရင်နှစ်တွေကလည်း နှစ်စဉ် အခက်ခဲဖြစ်ခဲ့တာပဲ။ ဒီနှစ်တောင် ကန်အတွင်းရေမချိုးဖို့ စည်းကမ်းထုတ် ထားလို့ ကြာကြာခံတာ။ မန္တလေး ပရဟိတအသင်းတစ်ခုကနေ စက်ရေတွင်း လာလှူထားတာတော့ ရှိတယ်။ အဲ့ဒါကို စနစ်တကျထိမ်းသိမ်း ပြီး သုံးရမယ်။ စက်ပျက်ယွင်းတာတွေ ဖြစ်ခဲ့ရင် ပိုဆိုးပြီပေါ့။"ဟု အင်းပေါ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းက ပြောသည်။

အကျဉ်းစခန်းမှ စက်ရေတွင်း၊ တပ်မတော်မှစက်ရေတွင်း၊ အထွေထွေ အုပ်ချုပ်ရေးမှစက်ရေတွင်း တို့ရှိသော်လည်း ဌာနဆိုင်ရာဖြစ်သည့်အတွက် အချိန်ကန့်သက်ချက်နှင့် ရေပေးဝေရောင်းချသည့်အတွက် အခက်ခဲရှိပြီး ပရဟိတအလှူရှင် စက်ရေတွင်းကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဦးဝင်းနိုင်ထွန်းက ပြောသည်။

ယင်းသို့ အင်းပေါ်ဒေသတွင် သောက်သုံးရေ ရှားပါးမှုများအား ဖြေရှင်းရန်အတွက် နိုင်ငံတော်မှ ကျေးရွာဘုံပိုင်တွင်းများ တူးဖော်ပေးပါရန် ဒေသခံများမှလည်း မျှော်လင့်လျှက်ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly