ဘင်္ဂလားဒေ့ရှ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏အစိတ်အပိုင်းဖြစ်သော်လည်း တရုတ်၏ အသုံးချခံ မဖြစ်လို

ဘင်္ဂလားဒေ့ရှ်က ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏အစိတ်အပိုင်းဖြစ်သော်လည်း တရုတ်၏ အသုံးချခံ မဖြစ်လို

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်နေကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပူးပေါင်းလုပ်ဆောင်နေသော်လည်း တရုတ်၏ အသုံးချခံ မဖြစ်လိုပေ။

မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဩဂုတ်ပထမပတ်တွင် ဒါကာသို့လာလိုကြောင်း ပြောဆိုရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က နယူးယောက်နှင့်ကမ္ဘောဒီးယားသို့ တရားဝင် ခရီးစဉ်များရှိသဖြင့် တရုတ်ခရီးစဉ်ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ကြောင်း Bangladesh Live News ကဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်မေလကလည်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျီမင်းက ဘင်္ဂလားဒေ့ရှ်အား Quad အဖွဲ့နှင့်ပူးပေါင်းခြင်းမပြုရန် သတိပေးလိုက်သည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက တရုတ်သံအမတ်ကြီးအား လူမှုရေးကျင့်ဝတ်ရှိရန်နှင့် အပြောအဆို ယဉ်ကျေးသိမ်မွေ့ရန် တုံ့ပြန်ခဲ့သည်။

 မျှော်လင့်ထားသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်သောစကားလုံးများဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “အချုပ်အခြာအာဏာပိုင်နိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ပြည်သူ့ အကျိုး စီးပွား အတွက် နိုင်ငံခြားရေးမူဝါဒလမ်းစဉ်ကို အဆုံးအဖြတ်ပေးသွားမှာပါ” ဟု မိုမန်က ချက်ချင်း ခွန်းတုံ့ပြန်ခဲ့သည်။

တရုတ်သည် ၂၀၁၁ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အကြားတွင် ဘင်္ဂလားဒေ့ရှ် အခြေခံအဆောက်အအုံကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာက သမ္မတရှီကျင့်ဖျင် လာရောက်လည်ပတ်စဉ် ရေးထိုးခဲ့သော သဘောတူစာချုပ်များစွာဆိုင်ရာ ကတိကဝတ်များကို မဖြည့်ဆည်းနိုင်ဘဲ ရှိနေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဩဂုတ် ၆ ရက်က ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိလာပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နားလည်မှုစာချွန်လွှာနှင့်သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

စီးပွားရေးအရ သီရိလင်္ကာ သို့မဟုတ် ပါကစ္စတန်နိုင်ငံလို အဖြစ်မျိုးကို ရှောင်ရှားနေသည့် ဘင်္ဂလားဒေ့ရှ်သည် မြင့်တက်လာသော သွင်းကုန်ကုန်ကျစရိတ်များကို စီမံခန့်ခွဲနိုင်ရေးအတွက် ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required