အီရတ်တွင် တရုတ်ရေနံကုမ္ပဏီကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဖြစ်ပွား

အီရတ်တွင် တရုတ်ရေနံကုမ္ပဏီကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဖြစ်ပွား

အီရတ်နိုင်ငံတောင်ပိုင်း မေဆန်မြို့ရှိ တရုတ်ရေနံကုမ္ပဏီရုံးချုပ်အနီး၌ ဩဂုတ် ၇ ရက်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ ကို ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်များဖြင့်ပတ်ခတ်၍ လူစုခွဲခဲ့သည်။

မေဆန်အရှေ့တောင်ပိုင်း အယ်လ်ကာလာအရပ်တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွား ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာ Shafaq က ဖော်ပြသည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက PetroChina ရုံးချုပ်ရဲ့ ရှေ့ဂိတ်တွေမှာ စုဝေးနေတဲ့ ဆန္ဒပြသူတွေကို  ကျည်ဆန် အစစ်တွေ၊ မျက်ရည်ယိုဓာတ်ငွေတွေနဲ့ ရေအမြောက်တွေကိုသုံးပြီး လူစုခွဲခဲ့ပါတယ်။ တချို့ ဆန္ဒပြသူတွေ ဒဏ်ရာ တွေ ရကြပါတယ်။ လူအတော်များများလည်း အဖမ်းခံရတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“ဆန္ဒပြသူတွေက သူတို့အရပ်ဒေသအတွက် ရေပေးဝေဖို့နဲ့ ဝန်ဆောင်မှုနဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ” ဟု တခြားမျက်မြင်သက်သေတစ်ဦးက ပြောသည်။

PetroChina ကုမ္ပဏီသည် မေဆန်မြို့ရှိ ၎င်းတို့လုပ်ငန်းခွင်အနီးများတွင်ဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ၎င်းတို့ဝန်ထမ်းများ၏ လုံခြုံရေးကို ထိပါးလာပါက အီရတ်မှဆုတ်ခွာသွားနိုင်သည်ဟု သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ Shafaq သတင်းဌာနက အစောပိုင်းတွင် ဖော်ပြခဲ့သည်။

“တရုတ်ကုမ္ပဏီက နိုင်ငံကနေ ထွက်သွားရင် အီရတ်က တစ်နေ့ကို ရေနံစည် ၅၀၀ ဝဝဝ လောက် ဆုံးရှုံးလိမ့်မယ်။  အီရတ်နိုင်ငံသား ၅ ၀၀၀ ကျော်လည်း အလုပ်လက်မဲ့ ဖြစ်လိမ့်မယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

“အယ်လ်ကာလာက ဒေသခံတွေက ကုမ္ပဏီကို သောက်သုံးရေနဲ့ လျှပ်စစ်ဓာတ်အား ပေးဖို့ တောင်းဆိုတာပါ။ ဒါပေမယ့် ဒါက မဖြစ်မနေလုပ်ပေးရမယ့် လုပ်ပိုင်ခွင့်ထဲမှာ မပါပါဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
PetroChina သည် တရုတ်နိုင်ငံရှိ အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချသူများထဲမှ တစ်ခုဖြစ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်သစ်များနှင့် ပတ်သက်သည့် ကျယ်ပြန့်သော လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကာ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်နှင့် ရေနံထွက်ကုန်များကို စဉ်ဆက်မပြတ် ပံ့ပိုးပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required