အိန္ဒိယမှ ကန့်ကွက်ခဲ့ပြီးနောက် တရုတ်စစ်သင်္ဘောတစ်စင်း လာရောက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားရန် သီရိလင်္ကာ တောင်းဆို

အိန္ဒိယမှ ကန့်ကွက်ခဲ့ပြီးနောက် တရုတ်စစ်သင်္ဘောတစ်စင်း လာရောက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားရန် သီရိလင်္ကာ တောင်းဆို

အိန္ဒိယမှ ကန့်ကွက်ခဲ့ပြီးနောက် သီရိလင်္ကာသို့ တရုတ်စစ်သင်္ဘောတစ်စင်း လာရောက်လည်ပတ်မည့် အစီ အစဉ်ကို ဆိုင်းငံ့ထားရန် တရုတ်အား သီရိလင်္ကာက တောင်းဆိုခဲ့သည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

တရုတ် သုတေသနနှင့် စစ်တမ်းကောက်ယူရေးသင်္ဘော Yuan Wang 5 သည် သီရိလင်္ကာနိုင်ငံ ဟမ်ဘန်တို တာဆိပ်ကမ်းသို့ လာရောက်နေပြီဖြစ်သည်။ Refinitiv ၏ အချက်အလက်များအရ သင်္ဘောသည် သြဂုတ် ၁၁ ရက်တွင် ရောက်ရှိရန် စီစဉ်ထားသည်။

တရုတ်က တည်ဆောက်ပြီး ငှားရမ်းထားသော ဟမ်ဘန်တိုတာဆိပ်ကမ်းကို အိန္ဒိယ၏ အနီးအနားတွင် စစ်အခြေစိုက်စခန်းအဖြစ် တရုတ်က အသုံးပြုသွားမည်ကို အိန္ဒိယက စိုးရိမ်နေသည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျသည့် ဆိပ်ကမ်းသည် အာရှမှ ဥရောပသို့ သွားရာ အဓိက သင်္ဘောလမ်း ကြောင်းအနီးတွင် တည်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က သီရိလင်္ကာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါသင်္ဘောသည် ဆီဖြည့်ရန် အတွက်သာ ဟမ်ဘန်တိုတာတွင် ရပ်နားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်သည် သီရိလင်္ကာ၏ အကြီးမားဆုံး ငွေချေးသူများအနက်မှ တစ်နိုင်ငံဖြစ်ပြီး လေဆိပ်များ၊ ကားလမ်း များနှင့် မီးရထားလမ်းများကိုလည်း ဘဏ္ဍာရေးထောက်ပံ့ပေးခဲ့သဖြင့် အိန္ဒိယကို စိုးရိမ်မှုဖြစ်စေခဲ့သည်။

သီရိလင်္ကာသည် ဆယ်စုနှစ် ခုနစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် အိန္ဒိယသည် ၂၀၂၂ခုနှစ်တွင် ဒေါ်လာ ၄ ဘီလီယံနီးပါး ထောက်ပံ့ခဲ့သည်။

ဝေးလံခေါင်သီသော ဟိမဝန္တာနယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်များကြား ၂၀၂၀ပြည့်နှစ်အတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးကတည်းက အိန္ဒိယနှင့် တရုတ်အကြား သံတမန်ဆက်ဆံရေး တင်းမာလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly