ဘန်ဇီမာက အကောင်းဆုံးပါလို့ ရီးယဲလ်တို့ ဥရောပ စူပါဖလားဆွတ်ခူးအပြီး အန်ဆယ်လော့တီ ပြော

ဘန်ဇီမာက အကောင်းဆုံးပါလို့ ရီးယဲလ်တို့ ဥရောပ စူပါဖလားဆွတ်ခူးအပြီး အန်ဆယ်လော့တီ ပြော
Photo: AFP

ရီးယဲလ်မက်ဒရစ်နည်းပြ ကားလို့စ် အန်ဆယ်လော့တီက တိုက်စစ်မှုး ကာရင် ဘန်ဇီမာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ ဖရန့်ဖတ်ကို အနိုင်ယူကာ ဥရောပ စူပါဖလားဆွတ်ခူးအပြီး ပြောဆိုလိုက်ပါတယ်။

ဒေးဗစ် အလာဘာနဲ့ ကာရင် ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေနဲ့ ရီးယဲလ်မက်ဒရစ်က အိုင်းထရန့် ဖရန့်ဖတ်ကို ၂-၀ နဲ့ အနိုင်ရရှိပြီး ဗုဒ္ဓဟူးနေ့က (၅) မြောက် ဥရောပ စူပါဖလား (UEFA Super Cup) ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ပထမပိုင်းအတွင်းမှာ ဖရန့်ဖတ်အသင်းဟာ ရီးယဲလ်ကို အန္တရာယ်ပေးနိုင်ခဲ့ပေမယ့် ရီးယဲလ်ရဲ့အတွေ့အကြုံနဲ့ တစ်ဦးချင်းအရည်အသွေးက ပြိုင်ဘက်အသင်းတွေကို မကြာခဏဆိုသလို ဖြတ်သန်းပြနိုင်ခဲ့ပြီး ဒါကဘဲ ၂၀၂၁-၂၂ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးစေခဲ့ပြီးဖြစ်ပါတယ်။

"ဒါဟာ လွယ်ကူတဲ့ပွဲတော့မဟုတ်ပါဘူး၊ သူတို့တွေဟာ ပထမပိုင်းကို ထိန်းကိုင်ထားခဲ့ပေမယ့် ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့ပြီး နောက်မှာတော့ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်၊"လို့ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ် အန်ဆယ်လော့တီက Movistar TV ကို ပြောခဲ့ပါတယ်။

"ရာသီအစမှာ အသင်းက ၁၀၀ ရာခိုင်နှုန်းအသင့်ရှိနေပြီလို့ ခင်ဗျား မမျှော်လင့်ထားနိုင်ပေမယ့် ကျနော်တို့ အနိုင်ရခဲ့ပြီး ရာသီကို ကောင်းကောင်းစတင်နိုင်ခဲ့တယ်။ ဒီထက်ပိုကောင်းတဲ့ရလဒ်တွေရလာအောင် ကူညီပေးနိုင်သလို နိုင်ပွဲတွေက ကစားသမားတွေကို လှုံ့ဆော်ပေးနိုင်တယ်လို့ ယုံကြည်တယ်။"

ရာအူးလ် ဂွန်ဇာလက်ထက် တစ်ဂိုးပိုသွင်းခဲ့တဲ့ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာအတွက် အထူးအမှတ်ရစရာ ညနေခင်းတစ်ခုပါပဲ။ သူဟာ ရီးယဲလ်ကလပ်အတွက်  ၃၂၄ ဂိုးအထိ သွင်းယူလာနိုင်ခဲ့ပြီး ရာအူးလ်ကို ကျော်ဖြတ်ကာ ကလပ်သမိုင်းတလျောက် ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့တာကြောင့်ပါ။

သူ့ အရှေ့မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို (ဂိုး ၄၅၀) တစ်ဉီးသာ ရှိပါတော့တယ်။

"ဟုတ်ပါတယ်၊ ဒီအခိုက်အတန့်မှာ သူဟာ ကျနော်တို့အတွက် အရေးပါဆုံး ကစားသမားဖြစ်သလို သူက ကမ္ဘာ့စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားပါ။ ကာရင်ဟာ ဖိုင်နယ်မှာ ဂိုးမသွင်းနိုင်ခဲ့ရင်တောင် ချန်ပီယံလိဂ်ဖလားရဖို့ တကယ့်ကို အရေးပါတယ်။ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့နဲ့ ရင်ဆိုင်ရာမှာ သူ ၃ ဂိုး သွင်းယူနိုင်ခဲ့လို့ ဖိုင်နယ်ကို ကစားခဲ့ရတာပါ။ သူက ကျနော်တို့အတွက် အရမ်းအရေးပါတယ်။ သူက လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။"လို့ အသင်းခေါင်းဆောင် ဘန်ဇီမာနှင့် ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက ပြောပါတယ်။

"အခု သူ ဘလွန်ဒီအော်ဆုအတွက် ရသင့်နပြီလား။ ဒီအတွက် သံသယဖြစ်နေသလား။ ကျနော်အတွက်တော့ မရှိပါဘူး။" လို့ အန်ဆယ်လော့တီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly