ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး ပစ်သတ်ခံရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး ပစ်သတ်ခံရ
Photo - AFP

ဩဂုတ် ၁၁

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုတွင် ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့ရာ ထိုဖြစ်စဉ်သည် အဆိုပါ ဒုက္ခသည်စခန်းများ၌ ယခုနောက်ဆုံး ထပ်မံဖြစ်ပွားလာခဲ့သည့် သတ်ဖြတ်မှုတစ်ခု ဖြစ်သည်။

ပြန့်ကျဲနေသော ထိုကမ့်စခန်းများသည် လွန်ခဲ့သည့် ငါးနှစ်အကြာက အိမ်နီးချင်း မြန်မာနိုင်ငံ၌ စစ်တပ်၏ ထိုးစစ်တစ်ခုနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်ခဲ့ကြသော ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးကို နေရာချထားပေးသည်။

သံသယရှိ ရန်ပြုတိုက်ခိုက်သူ ရိုဟင်ဂျာ အနည်းဆုံး ရှစ်ဦးခန့်က အသက် ၄၀ နှစ်ရှိ ဆိုင်ယက်ဒ် ဟူစိန်နှင့် အသက် ၃၅ နှစ်ရှိ အဘူ တယ်လက်ဘ်တို့ကို ညသန်းခေါင်လောက်အချိန်က ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကမ်ရန် ဟူစိန်က ပြောသည်။

“နှစ်ယောက်စလုံးကို ဆေးရုံ အမြန်ပို့ခဲ့ကြပေမယ့် အသက်မမီခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူများကို တာဝန်ရှိသူများက လိုက်လံရှာဖွေလျက် ရှိပြီး ကမ့်စခန်းများ၌လည်း လုံခြုံရေးကို တိုးမြှင့်ထားသည်။

ဖြစ်စဉ်တွင် ကျူးလွန်သည့် သံသယရှိသူများကို ရဲတပ်ဖွဲ့က အမည်တပ် ထုတ်ဖော်ထားခြင်း မရှိပေ။

ဘင်္ဂလားဒေ့ရှ် ကမ့်စခန်းများနှင့် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တို့တွင် လှုပ်ရှားနေသော အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) က ယခု ပစ်ခတ်သတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် ရှိသည်ဟု ရိုဟင်ဂျာ သတင်းရင်းမြစ်များက အေအက်ဖ်ပီကို ပြောသည်။

ပြီးခဲ့သည့် သုံးလအတွင်း စီနီယာ ရိုဟင်ဂျာ ခေါင်းဆောင်သုံးဦး အပါအဝင် လူငါးဦးထက်မနည်း အသတ်ခံရမှုများအတွက် ARSA တွင် တာဝန်ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်သည့် ရိုဟင်ဂျာ သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။

လူသိများထင်ရှားသော ရိုဟင်ဂျာ ခေါင်းဆောင် မိုဟစ် အူလာ ယမန်နှစ် စက်တင်ဘာလက အသတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် အရှာရခက်သော ခေါင်းဆောင် အက်တာအူလာ ဦးဆောင်သည့် ARSA အဖွဲ့အပေါ် ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က လုပ်ဆောင်ထားသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly