ခရိုင်းမီးယားရှိ ရုရှ လေတပ်စခန်း၌ ပေါက်ကွဲမှုများဖြစ် လူသေဆုံးမှု ရှိ

ခရိုင်းမီးယားရှိ ရုရှ လေတပ်စခန်း၌ ပေါက်ကွဲမှုများဖြစ် လူသေဆုံးမှု ရှိ

ဩဂုတ် ၁၀

ရုရှ သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများအနီး လေတပ်စခန်းတစ်ခု၌ ဩဂုတ် ၉ ရက်က ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့၍ လူတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုများသည် သိုလှောင်ထားသော ခဲယမ်းများ ပေါက်ကွဲခြင်း ဖြစ်ကြောင်းနှင့် တိုက်ခိုက်ခံရခြင်း မဟုတ်ကြောင်း ရုရှအာဏာပိုင်တို့က ပြောသည်။

ခရိုင်းမီးယားကျွန်းဆွယ်၏ အနောက်ဘက်ကမ်းခြေ နိုဗိုဖက်ဒိုရစ်ဗ်ကာ အရပ်အနီး ဆက်ကီ လေတပ်စခန်းမှ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်က ပေါက်ကွဲသံ ၁၂ ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း မျက်မြင်သိရှိသူများက ပြောသည်။ ရုရှသည် အဆိုပါ ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်က ယူကရိန်းထံမှ သိမ်းယူထားခဲ့ခြင်း ဖြစ်ပြီး ဖေဖေါ်ဝါရီတွင် ယူကရိန်းအပေါ် စတင်ကျူးကျော်သည့် စစ်ပွဲအတွက် ခြေကုပ်နေရာတစ်ခုအဖြစ် အသုံးပြုထားခဲ့သည်။

ရုရှနိုင်ငံသား အများအပြားအတွက် အားလပ်ရက် ခရီးထွက်ရာနေရာတစ်ခု ဖြစ်သည့် ခရိုင်းမီးယားသည် အခြားသော ယူကရိန်း အရှေ့ပိုင်း၊ တောင်ပိုင်း ဧရိယာများ ထိခိုက်ကြုံတွေ့ထားခဲ့ရသည့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုတို့ကဲ့သို့ အခြေအနေမျိုးကို လက်ရှိအချိန် ကြုံတွေ့ထားခဲ့ရခြင်း မရှိသေးပေ။

ယခု ပေါက်ကွဲမှုက “လေကြောင်းဆိုင်ရာ ခဲယမ်းသိုလှောင်ရုံအချို့ ပေါက်ကွဲခြင်း” ဖြစ်ကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပြီး အစောပိုင်းက ထိုဖြစ်စဉ်ကြောင့် တစ်ဦးတစ်ယောက်မှ ထိခိုက်အနာတရ ဖြစ်ခြင်း မရှိဟု ပြောခဲ့သည်။ ထို့ပြင် ယင်းဖြစ်စဉ်သည် တိုက်ခိုက်ခံရခြင်း မဟုတ်ကြောင်းနှင့် မည်သည့် လေကြောင်းဆိုင်ရာ ပစ္စည်းကိရိယာမှ ထိခိုက်ပျက်စီးခြင်း မရှိခဲ့ဟု ရုရှ ဝန်ကြီးဌာနက ပြောသည်။

ထို ပေါက်ကွဲမှုများအတွက် ယူကရိန်းဘက်တွင် တာဝန်ရှိသလားဟု မေးမြန်းမှုကို ယူကရိန်းသမ္မတ၏ လက်ထောက် မစ်ခေးလို ပိုဒေါယက်ခ်က ဖြေကြားရာတွင် “သေချာတာကတော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။ ဒါကို ကျွန်တော်တို့ ဘာလို့ လုပ်ရမှာလဲ” ဟု Dozhd အွန်လိုင်း တီဗွီချန်နယ်ကို ပြောခဲ့သည်။

အကယ်၍ ရုရှက ၎င်းတို့အပိုင်နယ်မြေအဖြစ် ရှုမြင်ထားသော နယ်မြေတစ်ခုကို မိမိတို့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းဘက်က ဝန်ခံခဲ့မည်ဆိုပါက ယူကရိန်းသည် အနီရောင်မျဉ်းကို ဖြတ်ကျော်ပြီဆိုပြီး မော်စကိုဘက်က စွပ်စွဲနိုင်သည်။

ယခု ပေါက်ကွဲမှုသည် ရုရှတို့၏ ညံ့ဖျင်းမှု သို့မဟုတ် တော်လှန်ရေး ပြောက်ကျားတို့၏ တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ အကြံပေး ပိုဒေါယက်ခ်က ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly