ကျူးကျော်ရေးအတွက် တရုတ် ပြင်ဆင်နေသည်ဟု ထိုင်ဝမ်က စွပ်စွဲပြီး အမြောက်တပ် စစ်ရေးလေ့ကျင့် 

ကျူးကျော်ရေးအတွက် တရုတ် ပြင်ဆင်နေသည်ဟု ထိုင်ဝမ်က စွပ်စွဲပြီး အမြောက်တပ် စစ်ရေးလေ့ကျင့် 
Photo - AFP

ဩဂုတ် ၉

ရက်အတန်ကြာ အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းအား ကျူးကျော်ရေးအတွက် ပြင်ဆင်နေသည်ဟု ထိုင်ဝမ်ထိပ်တန်းသံတမန်တစ်ဦးက စွပ်စွဲပြောဆိုထားချိန်တွင် ထိုင်ဝမ်သည် တိုက်ခိုက်မှုတစ်ရပ်အတွက် အသွင်ယူကာကွယ်ရေးအဖြစ် အင်္ဂါနေ့တွင် အမြောက်တပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည်။ 

ကိုယ်ပိုင်အုပ်ချုပ်သော ထိုင်ဝမ်ကျွန်းသို့ ဆယ်စုနှစ်များစွာအတွင်း အဆင့်မြင့် အမေရိကန်တာဝန်ရှိသူ လာရောက်မှုအဖြစ် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ လာရောက်ခဲ့သည့်နောက်တွင် တရုတ်က အမျက်ဒေါသဖြင့် တုံ့ပြန်ကာ ထိုင်ဝမ်ပတ်လည်၌ အကြီးဆုံး လေကြောင်းနှင့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုများ ပြီးခဲ့သည့် သီတင်းပတ်တွင် ပြုလုပ်ခဲ့သည်။ 

တရုတ်သည် ၎င်း၏ အိမ်နီးချင်း ထိုင်ဝမ်အား ၎င်းပိုင်အဖြစ် ရှုမြင်ထားကာ လိုအပ်လာလျှင် အင်အားသုံး သိမ်းပိုက်မည့် အတောမသတ်သော တရုတ်၏ ခြိမ်းခြောက်မှုနှင့် ထိုင်ဝမ်က ရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

“တရုတ်ဟာ ဒီ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ကို ကျူးကျော်ဖို့အတွက် ပြင်ဆင်ရာမှာ စစ်ရေးလမ်းညွှန်အဖြစ် အသုံးချနေတယ်”ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ဝူက အင်္ဂါနေ့၌ တိုင်ပေတွင် သတင်းထောက်များအား ပြောသည်။ စစ်ရေး အရေးယူမှုအတွက် ပလိုစီ၏ ခရီးစဉ်အပေါ် ယိုးမယ်ဖွဲ့နေခြင်းသာဖြစ်သည်ဟုလည်း ၎င်းက စွပ်စွဲသည်။ 

“တရုတ်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ရင်းက ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ပဲ”ဟု ၎င်းက ဆိုသည်။ 

ထိုင်ဝမ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများကို အင်္ဂါနေ့တွင် ဆက်လက်လုပ်ဆောင်ပြီး လေကြောင်းနှင့် ရေကြောင်း တပ်ရင်းများ ပါဝင်သည်ဟု တရုတ်စစ်တပ်က ပြောသည်။ 

“ပူးပေါင်း ပိတ်ဆို့ရေးနှင့် ပူးပေါင်းတပ်ကူရေး စစ်ဆင်ရေးများအား ပစ်မှတ်ထားပြီး” ထိုင်ဝမ်ကျွန်းပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်နေကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်၏ အရှေ့ပိုင်းစစ်ကွပ်ကဲရေးရုံးက ထုတ်ပြန်ချက်တွင် ဆိုသည်။ 

ထိုင်ဝမ်၏ စစ်ရေးလေ့ကျင့်မှုများမှာမူ တောင်ပိုင်း ပင်းတန်စီရင်စုတွင် ဂရင်းနစ်စံတော်ချိန် ၀၀၄၀ နာရီ ထိုးပြီးမှာ စတင်ပြီး ပစ်မှတ်ထား အမြောက်ပစ်ခတ်မှုများကို လုပ်ဆောင်ခဲ့ကာ ဂရင်းနစ်စံတော်ချိန် ၀၁၃၀ နာရီ၌ တစ်နာရီအတွင်း စစ်ရေးလေ့ကျင့်မှု ပြီးစီးခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly