ယူကရိန်းကို ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီသစ် အမေရိကန် ပေးပို့မည်

ယူကရိန်းကို ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီသစ် အမေရိကန် ပေးပို့မည်

ဩဂုတ် ၉

ယခုနှစ် ရုရှ၏ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသော ဝရုန်းသုန်းကားအခြေအနေကို ယူကရိန်းတို့ ကိုင်တွယ်ဖြေရှင်းနိုင်စေရေးအတွက် အကူအညီပေးရန် အမေရိကန်က နောက်ထပ် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အကူအညီတစ်ရပ်ကို ယူကရိန်းထံ ထပ်မံ ပေးပို့သွားမည် ဖြစ်သည်။ ယခု အကူအညီသစ်တွင် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ အကူအညီနှင့် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတို့ ပါဝင်သည်။

ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ဘတ်ဂျက် အသုံးစရိတ်ဆိုင်ရာ ထောက်ပံ့မှုက ယူကရိန်း၌ ပင်စင်လစာများအတွက် ငွေထုတ်ပေးမှုများ၊ လူမှု ဖူလုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များ အပါအဝင် ယူကရိန်းအစိုးရ၏ အရေးတကြီး လိုအပ်ချက်များကို ငွေကြေးဖြည့်ဆည်းထောက်ပံ့ပေးသွားနိုင်မည် ဖြစ်သည်။

ယခု အကူအညီသစ်နှင့်ဆိုလျင် ရုရှတို့ ယူကရိန်းကို ဖေဖေါ်ဝါရီလက ကျူးကျော်ပြီးနောက်ပိုင်း ယူကရိန်းအတွက် အမေရိကန်က ပေးအပ်သည့် ဘဏ္ဍာရေး အကူအညီ စုစုပေါင်းပမာဏသည် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံအထိ ရှိသွားမည် ဖြစ်ကြောင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) က ပြောသည်။

ကမ္ဘာ့ဘဏ်မှတစ်ဆင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သည့် ယခု ငွေကြေးထောက်ပံ့မှုက အစုအသုတ် ခွဲပြီး ယူကရိန်းအစိုးရထံ ပေးပို့သွားမည် ဖြစ်ကာ ဩဂုတ်လတွင် ဒေါ်လာ ၃ ဘီလီယံ ထုတ်ပေးမှုဖြင့် စတင်မည် ဖြစ်ကြောင်း USAID က ပြောသည်။

ထိုမတိုင်မီက အစောပိုင်း လွှဲပြောင်းပေးမှုများအဖြစ် ဇူလိုင်လက ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံနှင့် ဇွန်လက ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတို့ ရှိခဲ့ကြောင်း USAID က ပြောသည်။ အမေရိကန်အစိုးရသည် ယူကရိန်းအတွက် စစ်ရေးနှင့် လုံခြုံရေး ကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ ဘီလီယံများစွာ ထောက်ပံ့ပေးထားခဲ့ပြီး ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပင်တဂွန်က ကြေညာခဲ့သည့် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စစ်လက်နက် အကူအညီကလည်း သမ္မတ ဂျိုးဘိုင်ဒင်၏ လုပ်ပိုင်ခွင့်အောက်၌ တစ်ကြိမ်တည်းဖြင့် အကြီးဆုံးသော စစ်ရေးအကူအညီ ပက်ကေ့ချ်လည်း ဖြစ်ကာ ယခုအကူအညီထဲတွင် တာဝေးပစ် ရော့ကတ် စစ်လက်နက်ပစ္စည်းများနှင့် သံချပ်ကာ ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်မှုယာဉ်များ ပါဝင်သည်။

M113 သံချပ်ကာ ဆေးဘက်ဆိုင်ရာ သယ်ယူရွှေ့ပြောင်းပို့ဆောင်မှု ကားအစီး ၅၀ အပြင် အမေရိကန် ပံ့ပိုးထားသော HIMARS တာဝေးပစ် ဒုံးလောင်ချာများနှင့် NASAMS မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တို့အတွက် လိုအပ်သည့် စစ်လက်နက်ပစ္စည်းများ ပါဝင်သည်။

ဩဂုတ် ၈ ရက်တွင် ရိုက်တာက ပထမဆုံး ဖော်ပြခဲ့သည့် ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများသည် မေလက ကွန်ဂရက်လွှတ်တော်က အတည်ပြုခွင့်ပြုပေးထားခဲ့သည့် ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံ အကူအညီအစီအစဉ်တစ်ရပ်မှ ထုတ်ယူ အသုံးပြုခြင်း ဖြစ်သည်။

စုစုပေါင်းအားဖြင့် အမေရိကန်သည် ယခုနှစ်တွင် ယူကရိန်းထံ ဒေါ်လာ ၁၈ ဘီလီယံကျော်ဖိုး အကူအညီများ ထောက်ပံ့ပေးထားခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly