အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို ခိုလှုံခွင့်ပေးခြင်းဖြင့် တာလီဘန်သည် ဒိုဟာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

By  The Statesman        
07 August 2022
အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို ခိုလှုံခွင့်ပေးခြင်းဖြင့် တာလီဘန်သည် ဒိုဟာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

တာလီဘန်တို့သည် အာဖဂန်နစ္စတန်၌ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီကို လက်ခံ ခိုလှုံခွင့်ပေးခြင်းအားဖြင့် ဒိုဟာ သဘောတူညီချက်ကို အကြီးအကျယ် ချိုးဖောက်ထားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဩဂုတ် ၁ ရက်တွင် ပြောကြားလိုက်သည်။

ကမ္ဘာ့ အလိုအရှိဆုံး အကြမ်းဖက်သမားတစ်ဦး ဖြစ်သလို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုများ၏ ကြိုးကိုင်သူတစ်ဦးလည်း ဖြစ်သည့် ဇာဝါဟီရီသည် ကဘူးလ်မြို့၌ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခု ကြောင့်သေဆုံးခဲ့သည်။

ဇာဝါဟီရီသည်  ဇူလိုင် ၃၀ ရက်က အမေရိကန်၏ လေကြောင်းမှုတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပြီဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ 

“အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို ကဘူးလ်မှာ လက်ခံခိုလှုံခွင့်ပေးရင်းနဲ့ တာလီဘန်တို့ဟာ ဒိုဟာ သဘော တူညီချက်ကို အကြီးအကျယ် ချိုးဖောက်ခဲ့ပါတယ်။ နောက်ပြီး အခြားနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက် စေဖို့ အာဖဂန်မြေကို အသုံးပြုခွင့် အကြမ်းဖက်သမားတွေကို ပေးမှာ မဟုတ်ဘူးဆိုပြီး ကမ္ဘာကို ထပ်တလဲလဲ ပေးထားတဲ့ ကတိတွေကိုလည်း သူတို့ ချိုးဖောက်ခဲ့ပါတယ်” ဟု ဘလင်ကန်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

 အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၂၀ ဖေဖေါ်ဝါရီလက အမေရိကန်နှင့် တာလီဘန်တို့သည် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးခဲ့သည်။ ထို သဘောတူညီချက်အရ အာဖဂန်မြေမှ အမေရိကန်တပ်ဖွဲ့များ ပြန်ဆုတ်ခွာရန် ဖော်ပြခဲ့သလို တာလီဘန်တို့ဘက်ကလည်း အာဖဂန်မြေကို အကြမ်းဖက်သမားများအတွက် ဘေးကင်းခိုလှုံရာနေရာတစ်ခု မဖြစ်စေရေး အာမခံရန်နှင့် အကြမ်းဖက်မှုများ ရပ်စဲရေးကို ဖော်ပြထားသည်။

 တာလီဘန်တို့သည် အာဖဂန်ပြည်သူများကို သစ္စာဖောက်ခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်ဆံနိုင်ရေး နှင့် အသိအမှတ်ပြုမှု ရရှိရေး ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအပေါ်တွင်လည်း သစ္စာဖောက် ရာ ရောက်ခဲ့သည်ဟု ဘလင်ကန်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တာလီဘန်တွေအနေနဲ့ သူတို့ရဲ့ ကတိကဝတ်တွေအတိုင်း လိုက်နာဖို့ ဆန္ဒမရှိတာ ဒါမှမဟုတ် လိုက်နာနိုင်စွမ်း မရှိတာမျိုး ဖြစ်နေတဲ့အချိန်မှာ မိမိတို့ကတော့ အာဖဂန်ပြည်သူတွေကို အားကောင်းတဲ့ လူသားချင်းစာနာမှု အကူအညီတွေကနေတဆင့် ဆက်လက် ထောက်ပံ့အားပေးသွားမှာဖြစ်သလို သူတို့ရဲ့ လူ့အခွင့်အရေးတွေ၊ အထူး သဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေအတွက် ကာကွယ်ဖို့ ဆက်လက် ထောက်ခံသွား ပါမယ်” ဟု ဘလင်ကန်က ထုတ်ပြန်ချက်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required