လူတစ်စု တလှည့် လူထု တလှည့်

လူတစ်စု တလှည့် လူထု တလှည့်
(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး FB)

သမိုင်းကို အာဏာ ရှိသူများကသာ ဖန်တီးသည်ဟု ပြောကြသည်များ ရှိပါသည်။ တချို့က သူရဲကောင်းများက ဖန်တီးသည်ဟု ဆိုသည်။ တချို့ကမူ လူတစ်စုသာ ဖန်တီးသည်ဟု ဆိုသည်။ တချို့ ကတော့မူ လူထုက ဖန်တီးသည်ဟု ယူဆသည်။ မည်သို့ပင်ဖြစ်စေ မည်သူကပင် ဖန်တီးသည် ဖြစ်ပစေ သမိုင်းက ပြောင်းလဲရွေ့လျားသွားနေမြဲပင် ဖြစ်ပါသည်။

သည်နေရာတွင် သမိုင်းကို ဖန်တီးလို့ရသည်ဟု ဆိုသော်ငြားလည်း သမိုင်းတစ်ခု မရွေ့လျားပဲ ရပ်တန့်သွားအောင်တော့ မည်သူမျှ လုပ်လို့မရနိုင်ပါချေ။ သို့သော်ငြားလည်း သမိုင်းကို ခေတ္တခဏ တော့ ရပ်တန့်နေအောင် လုပ်လို့ရသည်ဟူ၍လည်း ပြောလို့ ရနေပြန်ပါသည်။

ယခုအခါ မိမိတို့တိုင်းပြည်၏ ထိတ်တန်းခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးကြသည့် သတင်းကို လူတိုင်း စိတ်ဝင်စားစွာ နားစွင့်ထားကြသည်ကို အားလုံးအသိပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့တိုင်းပြည်၏ အရွေ့တစ်ခုကို ယင်းပုဂ္ဂိုလ်နှစ်ဦးက ဆက်လက်ရွေ့သွားအောင် ဆောင်ရွက်နိုင်ကြသောကြောင့်ဟု ယုံကြည်ထားကြသောကြောင့် ဖြစ်သည်။

သည်နေရာတွင် ယင်းပုဂ္ဂိုလ်နှစ်ဦး၏ လက်ထဲတွင် မိမိတို့နိုင်ငံ၏သမိုင်း လုံးလုံးကျရောက်နေ သည်ဟု ဆိုလိုခြင်းမဟုတ်ပဲ တိုင်းပြည်၏ သမိုင်းအရွေ့အတွက် တွန်းအားတစ်ခုဖြစ်သည်ကိုတော့ လက်ခံကြ ရပါလိမ့်မည်။ အမှန်တကယ်တော့လည်း သမိုင်းကို လူထုက ဖန်တီးခြင်းဖြစ်သည်ဟု ဆိုသည့် အမြင်ဘက်မှ ကြည့်လျင် ယခုလို လူနှစ်ဦး သို့မဟုတ် လူတစ်စုအပေါ် မူတည်နေသည့် အခြေအနေမျိုးမှာ မကောင်းလှဟုလည်းကောင်း သဘာဝ မကျဟုလည်းကောင်း ဝေဖန်ကြသည်များ လည်း ရှိပါသည်။

သမိုင်းကိုပြန် ကြည့်လျင် သမိုင်းတစ်ခု ဆက်လက်ရွေ့လျာသည့်အခါ ကိုယ်ဖြစ်စေချင်သည့် သမိုင်းအရွေ့မျိုးဖြစ်ဖို့ရာ လူထုကြီးသည် လည်းကောင်း လူတစ်စုသည်လည်းကောင်း အစဉ်တစိုက် ကြိုးပမ်း လာခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။ တခါတရံ လူထုကြီးကြောင့် လည်းကောင်း၊ တခါတရံ လူတစ်စုကြောင့်လည်း သမိုင်းရွေ့လျားမှု ဖြစ်ပေါ်ခဲ့သော်ငြားလည်း လူထုကြီးကြောင့် ရွေ့ရသည့် သမိုင်းအနေအထားသည် လူူတစ်စုကြောင့် ရွေ့ရသည့် သမိုင်းအနေအထားထက် ပိုမိုကောင်းမွန်သည့် အပေါင်းလက္ခဏာဆောင်သည့် အရွေ့ဖြစ်သည်ဟု ယူဆရနိုင်ပါသည်။

သမိုင်းအရွေ့တစ်ခု ဖြစ်ပေါ်ဖို့ရာ လူတစ်စု၏တွန်းအားအပေါ် မူတည်ခဲ့ပြီဆိုလျင်မူ လူထုကြီး ကြောင့်ဖြစ်ပေါ်သော သမိုင်းအရွေ့လို ခိုင်မာခြင်း၊ အပေါင်းလက္ခဏာဆောင်ခြင်း နည်းပါးတတ် သည်ကို တွေ့ကြရတတ်၏။

နိုင်ငံတစ်ခု သမိုင်းအရွေ့တစ်ခုဖြစ်ဖို့ရာ လူထုကြီးနှင့် လူတစ်စုသည် အမြဲတန်းလိုလို အခွင့် အရေး လုယူနေကြရလေ့ရှိပါသည်။ လူထုကြီးက ဖြစ်စေ ရွေ့စေချင်သည့် အရွေ့မျိုးကို လူတစ်စုက မဖြစ်စေချင်ပဲ လူတစ်စုက ရွေ့စေ ဖြစ်စေချင်သည့် သမိုင်းအရွေ့မျိုးကိုမူ လူထုကြီးက လိုလားလေ့ မရှိကြပါ။ အဘယ့်ကြောင့်ဆိုသော် လူတစ်စုအကျိုးနှင့် လူထုကြီး၏အကျိုးမှာ ဆန့်ကျင် ဘက်ကျသော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လူထုကြီးသည်လည်းကောင်း လူတစ်စုသည်လည်းကောင်း သမိုင်း ကို ကိုယ်ကိုယ်တိုင်ဖန်တီးနိုင်ခွင့်အခွင့်အရေးရဖို့ တချိန်လုံး အားထုတ်နေရလေ့ရှိပြီး ပုံမှန်အားဖြင့်ဆို လျင် မည်သူ၏လက်ထဲတွင်မျှ အမြဲတန်း ရောက်ရှိသွားသည့်သဘော မရှိခဲ့ပါချေ။

ယခုဆိုလျင် လူထုကြီးက ၂၀၁၅ ရွေးကောက်ပွဲကာလတွင် မိမိတို့ဖြစ်စေချင်သည့် သမိုင်းအ ရွေ့ကို ကိုယ်တိုင်ဖန်တီးခွင့် ရရှိခဲ့ကြပြီး လူတစ်စုကလည်း လူထုကြီးဖန်တီးသည့် သမိုင်းအရွေ့ကြီး ဆက်လက်က မရွေ့စေရေး နည်းမျိုးစုံဖြင့် ဟန့်တားနေကြမည်သာဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် လူတစ်စုသည် သမိုင်းဖန်တီးခွင့် အခွင့်အရေးကို လူထုကြီးလက်ထဲမှ ပုတ်ချနိုင်ရေး အချိန်တိုင်း ကြိုးစားနေမည်သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မည်သူနှင့် မည်သူပင်ဖြစ်ပစေ၊ လူတစ်စုဖြစ်ပစေ၊ လူထုဖြစ်ပစေ သမိုင်းကို ရွေ့အောင် ကြိုးပမ်းကြရာ၌ တိုင်းပြည်ကောင်းကျိုး ဖြစ်ထွန်းစေမည့် အပေါင်းလက္ခဏာဆောင်သော အရွေ့တစ်ခုဖြစ်ဖို့သာ အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly