နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်က ထိုင်ဝမ်အပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှုများ စတင် 

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်က ထိုင်ဝမ်အပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှုများ စတင် 

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို မကျေနပ်သဖြင့် တရုတ်က ထိုင်ဝမ်သို့ သဘာဝသဲတင်ပို့မှုကို ရပ်ဆိုင်းရန် သြဂုတ် ၃ရက်က ကြေညာခဲ့သည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ကိုးကား၍ CGTN သတင်းက ဖော်ပြလိုက်သည်။

တရုတ်က လုံခြုံရေးကို အဆက်မပြတ် ခြိမ်းခြောက်နေသော်လည်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် သြဂုတ် ၂ရက်က ထိုင်ဝမ်သို့ ရောက်ရှိခဲ့သည်။

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ခုပါ ပြဋ္ဌာန်းချက်များကို ပြင်းထန်စွာ ချိုးဖောက်ကြောင်း တရုတ်က ထုတ်ပြန်ထားသည်။

သြဂုတ် ၂ရက်က ထိုင်ဝမ်သို့ ရောက်ရှိလာသည့် ခရီးစဉ်တွင် ထိုင်ဝမ်၏ ဒီမိုကရေစီကို ထောက်ခံ အားပေးရန် အမေရိကန်၏ မယိမ်းယိုင်သော ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး ယခုခရီးစဉ်သည် ကိုယ်ပိုင် အုပ်ချုပ် နေသောထိုင်ဝမ်နှင့် ပတ်သက်၍ ကာလရှည်ကြာရှိခဲ့သည့် အမေရိကန်၏ မူဝါဒနှင့် ဆန့်ကျင်ဘက် မဟုတ် ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ လုပ်ရပ်ကြောင့် တရုတ်က ဂျုံမုန့်များ၊ မုန့်ဖုတ်ကိရိယာများနှင့် သကြားလုံးများ ထုတ်လုပ်သည့် ထိုင်ဝမ်ကုမ္ပဏီများကို စီးပွားရေး ပိတ်ဆို့မှုများနှင့် တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။
 
ထိုင်ဝမ်စားသောက်ကုန်ကုမ္ပဏီများထံမှ ကုန်ပစ္စည်းတင်သွင်းမှုကို သြဂုတ် ၃ရက်တွင် တရုတ်က ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ထိုင်ဝမ်စိုက်ပျိုးရေးကောင်စီ (COA) က အတည်ပြုခဲ့သည်ဟု Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

အမည်ပျက်စာရင်းသွင်းထားသော ကုမ္ပဏီများတွင် လက်ဖက်ခြောက်၊ သစ်သီးခြောက်များ၊ ပျားရည်၊ ကိုကိုး စေ့နှင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်သူများအပြင် ငါးဖမ်းသင်္ဘော ၇၀ဝ ခန့်မှ ဖမ်းမိမှုများလည်း ပါဝင်ကြောင်း COA မှ အတည်ပြုပြောကြားခဲ့သည်။

သို့သော် တရုတ်အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အချက်အလက်များအရ နောက်ဆုံးအချက် အလက်များဖြည့်စွက် မှတ်ပုံတင်ထားသည့် ထိုင်ဝမ်ကုမ္ပဏီ အများအပြားသည်လည်း ပိတ်ပင်ခံရကြောင်း ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required