မြန်မာစစ်အစိုးရက အတိုက်အခံများကို ခြေရာခံရန် မျက်နှာမှတ်သားသည့် တရုတ်နည်းပညာကို အသုံးပြုနေ

မြန်မာစစ်အစိုးရက အတိုက်အခံများကို ခြေရာခံရန် မျက်နှာမှတ်သားသည့် တရုတ်နည်းပညာကို အသုံးပြုနေ

 ပြည်သူများကို  ပိုမိုစောင့်ကြည့်ရန် အာဏာသိမ်း စစ်အစိုးရက မျက်နှာကိုမှတ်သားသည့် နည်းပညာကို အသုံးပြုလာ ခြင်းကြောင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တော်လှန်ရေးအဖွဲ့များ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည်။

တရုတ်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Huawei၊ Dahuaနှင့် Hikvisionတို့မှ ကင်မရာများကို လူမြင်ကွင်း နေရာများတွင် တပ်ဆင်ထားပြီး မျက်နှာနှင့် ယာဉ်လိုင်စင်ပြားများကို အလိုအလျောက်စကင်န်ဖတ်ကာ စာရင်းသွင်းခြင်းနှင့် အာဏာပိုင်များက အလိုရှိနေသူများကို အချက်ပြပေးသည့် ဉာဏ်ရည်တုနည်းပညာဖြင့် တပ်ဆင်ထားကြောင်း DW သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းနည်းပညာကို တိုးမြှင့်သုံးစွဲခြင်းက မြန်မာစစ်အစိုးရကို ဆန့်ကျင်သူတိုင်း၏ လုံခြုံရေးအတွက် အကျိုးဆက် များ ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

"ဒါက မြေပြင်မှာတင်မဟုတ်ဘဲ နောက်ထပ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။ အခု ဒစ်ဂျစ်တယ် အာဏာရှင်အစိုးရကို တွန်းလှန်နေရပါတယ်" ဟု ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူ သဉ္ဇာရွန်းလဲ့ရီက ပြောကြားသည်။

 လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)က မြန်မာတွင် တရုတ်ထုတ်မျက်နှာမှတ်သားသည့်စနစ်များ အသုံးပြုမှုနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို မတ်လတွင် ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေးခဲ့သည်။

 “လုံခြုံသောမြို့” ဟု အမည်ပေးထားသည့် လုံခြုံရေး အစီအစဉ်ပထမအဆင့်တွင် စစ်တပ်အာဏာသိမ်းမှု မစ တင်မီ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာတွင် နေပြည်တော်တစ်ဝိုက်ရှိ မြို့နယ်များတွင် ရာနှင့်ချီသော ကင်မရာများ တပ်ဆင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင်လည်း ကင်မရာများ တပ်ဆင်ထားကြောင်း DW က ဖော်ပြခဲ့သည်။
 
ကင်မရာများသည် “ကျူးကျော်ဝင်ရောက်စောင့်ကြည့်မှုသက်သေ” ဖြစ်ပြီး အတိုက်အခံများ၏ လှုပ်ရှားမှုများကို အဝေးမှ စောင့်ကြည့်၊ ခြေရာခံကာ နောက်ဆုံးတွင် စစ်အစိုးရက ဝင်ရောက်စီးနင်းမည်ဖြစ်ကြောင်း HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖိလစ်ရောဘတ်ဆန်က  DW သို့ ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံတွင် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် တယ်လီနောကို ထိန်းချုပ်ခြင်းဖြင့် စစ်အစိုးရက အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်ထားပြီး အွန်လိုင်းအကြောင်းအရာများကို ဆင်ဆာဖြတ်ထားသည်။

 စစ်အစိုးရသည် အွန်လိုင်း "လှုပ်ရှားသူများ" ကို ထပ်မံစောင့်ကြည့်ပြီး တိုက်ဖျက်ရန် ဆက်သွယ်ရေးဝန်ဆောင် မှုများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများတွင် spyware များ ထည့်သွင်းထားကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly